လူကူးမျဉ်းကြားတွင် ရပ်နားခြင်းမရှိဘဲ မောင်းနှင်နေသည့် ယာဉ်မောင်းများကို စီမံချက်ဖြင့် အရေးယူမည်

ပို့စ်တင်ချိန် - 9/12/2013 01:12:00 PM


ရန်ကုန်တိုင်းဒေသကြီးအတွင်း လူကူးမျဉ်းကြားများ၌ ခေတ္တရပ်နားခြင်း မရှိဘဲ ယာဉ်ဆက်လက် မောင်းနှင်နေသည့် ယာဉ်မောင်းများကို စက်တင်ဘာ ၂၃ ရက်မှ စတင်ပြီး အရေးယူ သွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ တာဝန်ရှိသူရဲမှူး သာဌေးက စက်တင်ဘာ ၁၁ ရက် နံနက်တွင် ပြောကြားသည်။

စည်းကမ်းလိုက်နာမှု မရှိသည့် ယာဉ်မောင်းများကို စစ်ဆေးတွေ့ရှိပါက မော်တော်ယာဉ် နည်းဥပေဒဖြင့် အရေးယူမည့်အပြင် စီမံချက် ဒဏ်ငွေကျပ် ၃၁၅၀၀ ဆောင်ခိုင်းခြင်းဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

"လူကူးမျဉ်းကြားတွေမှာ ခြေကျင်သွားနေတဲ့ ခရီးသည်တွေ လမ်းဖြတ်ကူးတဲ့ အချိန်တွေမှာ ယာဉ်မောင်းတွေက မရပ်ဘဲ မောင်းနှင်နေတော့ လမ်းကူးတဲ့သူတွေ အန္တရာယ် ကင်းရှင်းမှု မရှိဘူး။ ဒါ့ကြောင့် ထိရောက်စွာ အရေးယူသွားမယ်။ ဒါပေမဲ့ စက်တင်ဘာ ၉ ရက်ကနေ နှစ်ပတ်အတွင်း ပညာပေးတွေ ပြုလုပ်နေတယ်။ ပညာပေးကာလ ပြီးသွားရင်တော့ သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း အရေးယူသွားမယ်။ ယာဉ်မောင်းတွေ အနေနဲ့ စနစ်တကျ ရှိစေချင်သလို လမ်းကူးသူအနေနဲ့လည်း အန္တရာယ်ကင်းရှင်း စေချင်ပါတယ်" ဟု ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ တာဝန်ရှိသူ ရဲမှူးသားဌေးက ပြောကြားသည်။

သြဂုတ်လအတွင်း စည်းကမ်းမဲ့ မောင်းနှင်နေသည့် ယာဉ်အစီးရေ (၁၅၀၀၀) ၀န်းကျင်၊ ခေါင်းမိုးပေါ်တွင် ခရီးသည်တင် ပြေးဆွဲနေသော ယာဉ်များနှင့် ဘေးတွယ်စီးပြီး မောင်းနှင်နေသည့် မော်တော်ယာဉ် (၄၀၀) ကျော် အရေးယူခဲ့ကြောင်း ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

"ရန်ကုန်မြို့မှာရှိတဲ့ လူကူးမျဉ်းကြား အများစုမှာတော့ လမ်းကူးသူတွေကို ပြီးအောင်မစောင့်ဘဲနဲ့ ယာဉ်မောင်းတွေက မောင်းနှင်နေတာ တွေ့ရတယ်။ အချို့ယာဉ်မောင်းတွေက စည်းစနစ်တကျ ရပ်ပေးတာ ရှိသလို အချို့ယာဉ်မောင်းတွေ ဆိုရင်လည်း လမ်းကူးတွေကို အော်ဟစ်ပြောဆို တာတွေကို တွေ့ရတယ်" ဟု ကျောက်တံတားမြို့နယ်တွင် နေထိုင်သူ ဒေါ်ယဉ်မာက လူကူးမျဉ်းကြားတွင် လမ်းကူးသည့်အခါ ကြုံတွေ့ရသည်ကို ပြန်လည်ပြောကြားသည်။

(ဆူးလေမီးပွိုင့်ရှိ လူကူးမျဉ်းကြားတွင် လမ်းဖြတ်ကူးနေသည့် ခရီးသွားများကို စောင့်ဆိုင်းခြင်းမရှိ မောင်းနှင်နေသော ယာဉ်များ (ဓာတ်ပုံ-အောင်မျိုးသန့်))
Eleven Media Group