ဆီးဂိမ်းနဲ့ အာဆီယံဥက္ကဋ္ဌနီးလာတော့ ငြိမ်းချမ်းရေးကို အဖြစ်သဘောနဲ့ လုပ်ချင်လာတယ်လို့ ခံစားရတယ်

ပို့စ်တင်ချိန် - 9/12/2013 09:08:00 AM


ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်(KBC) အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန်နှင့်တွေ့ဆုံခြင်း

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ထပ်မံပြုလုပ်နိုင်ရန် အစိုးရနှင့် ကေအိုင်အိုအလုပ်အဖွဲ့(TAT) အချင်းချင်း စက်တင်ဘာလအတွင်း ဆက်တိုက်တွေ့ဆုံသွားမည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင်များက ပြောကြားနေချိန်မှာပင် ကချင်ပြည်နယ်တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။ ကုလအထူးအကြံပေး မစ္စတာဗီဂျေနမ်ဘီးယား လိုင်ဇာတွင် ကေအိုင်အိုထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည့်နေ့မှာပင် ညပိုင်း၌ တိုက်ပွဲဖြစ်ပွားခဲ့သော မချမ်းဘောမြို့နယ် အင်ခါဂါကျေးရွာ ဒေသခံတစ်ရာကျော်မှာလည်း တောထဲသို့ တိမ်းရှောင်နေရပြီး စက်တင်ဘာ ပထမပတ်အထိ အကူအညီပေးရေးအဖွဲ့များ သွားရောက်ခေါ်ယူခွင့် မရသေးပေ။ ကချင်အရေးနှင့်စပ်လျဉ်း၍ စစ်ဘေးရှောင်ဒုက္ခသည်များအား စောင့်ရှောက်နေသော ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်(KBC) အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန် ရန်ကုန်မြို့သို့ရောက်ရှိနေခိုက် 7 Day News မှ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး-ငြိမ်းချမ်းရေးဆွေးနွေးပွဲ အလားအလာတွေနဲ့ပတ်သက်ပြီး ဆရာ့အမြင်ပြောပြပေးပါဦး။ ဒီလထဲမှာ အလုပ်အဖွဲ့(TAT) အချင်းချင်း ဆက်တိုက်တွေ့ဆုံသွားမယ်လို့ သိရပါတယ်။
ဖြေ- ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း လာချိန်မှာလည်း ထူးခြားတာမတွေ့ရဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး သိပုံလည်းမရဘူး။ ပြောပုံအရ ဆုံးဖြတ်ခွင့်မရှိတာလား၊ တစ်ခုခုကြိုးကိုင်မှုအောက်မှာ သွားနေတဲ့ပုံစံမျိုးပဲတွေ့ရတယ်။ အောက်တိုဘာလမှာ တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်ဖို့ ပြောတယ်။ ဖြစ်မလို၊ ဖြစ်မလိုနဲ့ KIO ကတော့ TAT က စနစ်တကျ ဘာပြီးရင်ဘာလုပ်မလဲ။ မူဝါဒချပြီး တိတိကျကျလုပ်ပြီး ဖွဲ့စည်းရတယ်။ အဲဒီလိုအစီအစဉ်မချနိုင်သရွေ့ အောက်တိုဘာလမှာ တစ်ပြည်လုံး အပစ်အခတ်ရပ် လက်မှတ်ထိုးဖြစ်ရင်လည်း ကေအိုင်အိုပါမယ်မထင်ဘူး။ ဘာကြောင့်လဲဆိုရင် ကေအိုင်အိုကလည်း အမြဲတမ်းပြောနေတာပဲ။ ဒီကြားထဲမှာ ပီပီပြင်ပြင်ဆွေးနွေးဖို့ ဘာမှမရှိသေးတဲ့ အခြေအနေမျိုး။ အပစ်အခတ်ရပ်စဲရေးထိုးရုံနဲ့ ပီပြင်ပြီဆိုတာ မဟုတ်သေးဘူးပေါ့။ ဆီးဂိမ်းနဲ့ အာဆီယံဥက္ကဋ္ဌ နီးလာပြီဆိုတော့ အဖြစ်သဘောနဲ့ လုပ်ချင်တဲ့ သဘောရှိတယ်လို့ ခံစားရတယ်။ အဆီအနှစ်တော့ရှိမယ်မထင်ဘူး။ လေးလေးနက်နက် စနစ်တကျဖြစ်ဖို့ လိုအပ်တယ်။ ပြီးရင် အစိုးရက နှုတ်နဲ့အလွတ်သဘောမျိုး ကမ်းလှမ်းတာများတယ်။ ကေအိုင်အိုကစာနဲ့ လေးလေးနက်နက်မျိုး တရားဝင်လိုချင်တယ်။ ဒီလိုအခြေအနေမျိုး။ ဒီတော့ တစ်ဖက်နဲ့တစ်ဖက် စောင့်ကြည့်သလိုမျိုး မှားတာနဲ့ဖြစ်ပြီ နှစ်ဖက်အကြောင်းပြချက်က ဒီလိုဖြစ်နေတာ။ တစ်ခုရှိတာ တိုင်းရင်းသားတွေလိုချင်တဲ့ အခွင့်အရေးပေးတယ်ဆိုရင် ဒီနေ့လည်း ဖြစ်နိုင်တယ်။ တစ်ရက်၊ တစ်မိနစ်အတွင်း ဖြစ်နိုင်တယ်။ မဟုတ်ဘဲ ပေါ်လစီအရလုပ်ရင် ဦးအောင်မင်းတို့ရဲ့လိုချင်တဲ့ ဆန္ဒပဲဖြစ်လိမ့်မယ်။ KIO က လေးလေးနက်နက်စဉ်းစားပြီးမှ ပါဝင်မယ်မြင်တယ်။

မေး-ပန်ဝါ၊ မချမ်းဘောဘက်မှာ ပြန်ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေပေါ်ရော ဘယ်လိုထင်မြင်ယူဆမိပါသလဲ။
ဖြေ- NDAK တို့ ပြည်သူ့စစ်တို့နဲ့ တိုက်ပွဲပြန်ဖြစ်တယ်။ အချင်းချင်း ပြန်တိုက်သလိုဖြစ်နေတယ်။ ဒါကို ရှောင်ကြမယ်ထင်တယ်။ အခုကြားရတာ ကေအိုင်အေနေရာကို တပ်ကထိုးစစ်ဝင်လို့ ဖြစ်ရတဲ့ အခြေအနေလို့ သိရတယ်။ နောက်မှာ အစိုးရပါတယ်။ အချင်းချင်းပြန်ဖြစ်စေတဲ့ သဘောပဲ။ ဆွေးနွေးပွဲဆိုပေမယ့် တိုက်ပွဲတွေဖြစ်နေတယ်။ ဘယ်ပြည်သူယုံမလဲ။ ဒီအခြေအနေမှာ ကေအိုင်အိုက သွားဆွေးနွေးရင် ပြည်သူတွေကဆဲမှာ။ ဒီလောက် ထွက်ပြေးဒုက္ခရောက်နေကြတာ။ မင်းတို့က ငြိမ်းချမ်းရေးသွားပြောနေတယ်ဆိုပြီး ဆဲကြမှာပေါ့။ မေလက တပ်ပိုင်းဆိုင်ရာ သီးသန့်ဆွေးနွေးခဲ့ကြတယ်။ အပစ်အခတ်လျှော့ချရေး သဘောတူညီချက်ပေါ့။ ကေအိုင်အိုက အလွတ်သဘောတွေ့ချိန်မှာ တပ်တွေဆုတ်ပေးဖို့ စာရင်းပေးတယ်။ ဒါပေမဲ့ အခုထိ အကောင်အထည်မဖော်ဘူး။ ဒါ့အပြင် တပ်တွေထပ်တိုးတာ ပြည်သူကတွေ့တယ်။ ပြည်သူတွေတွေ့တာက အင်အားတိုးချဲ့နေတာပဲ။ ဒီတော့ယုံကြည်မှုအားနည်းစေတယ်။

မေး-စစ်ဘေးရှောင်ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီးတော့လည်း သုံးသပ်ပေးပါဦး။ အခု ဒုက္ခသည်အရေအတွက် ဘယ်လောက်ရှိမလဲ။ မေလသဘောတူညီချက်မှာလည်း ပြန်လည်နေရာချထားဖို့ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်မယ်လို့ ပါပါတယ်။
ဖြေ-အားလုံး တစ်သိန်းကျော်ရှိတယ်။ စခန်း ၁၂၀ ကျော်တယ်။ လျော့သွားတာက ဖားကန့်မှာပဲရှိတယ်။ အခုမချမ်းဘောဘက်မှာဆိုရင် အရေအတွက်နည်းပေမယ့် သူတို့ဒေသရဲ့ ခံစားရတာတွေက အများကြီးပဲ။ ပြန်နေရာချထားဖို့လည်း ညှိနှိုင်းဆောင်ရွက်တာမရှိဘူး။ ပထမတစ်ကြိမ် မြစ်ကြီးနားမှာနေရာချဖို့ တန်ဖိုးနည်းအိမ်ရာတွေမှာပေါ့။ ဒီအတွက် ကိုယ့်နေရပ်တွေကို အပြီးစွန့်ခွာကြောင်း လက်မှတ်ထိုးခိုင်းတယ်။ တန်ဖိုးနည်းအိမ်တွေလိုချင်ကြောင်း လက်မှတ်ထိုးရတယ်။ အိုင်ဒီပီတွေက ဘယ်သူမှသွားမနေဘူး။ အခုတစ်ခါ ၃၅ သိန်းတန် အိမ်ရာတဲ့ လုပ်ပြန်ပြီ။ ဘာတွေဖြစ်ဦးမလဲ မသိဘူး။ အိုင်ဒီပီတွေ ဆန္ဒမပါဘဲဆိုရင် သိန်း ၁၀၀ တန်ပေးလည်း အလုပ်ဖြစ်မှာမဟုတ်ဘူး။ အိုင်ဒီပီတွေက ကိုယ့်နေရပ်ပဲပြန်ချင်ကြတာ။ ပြီးရင် သူတို့က လိုင်ဇာဘက်က အိုင်ဒီပီတွေကိုကြည့်နေတာ။ ဟိုဘက်ကမလှုပ်ရင် သူတို့လည်းမလှုပ်ဘူး။ ဘာဖြစ်လို့လဲဆိုရင် စိတ်မချလို့၊ မယုံသေးလို့။ အခြေအနေကို နှစ်ဖက်မညှိနှိုင်းဘဲတော့ မဖြစ်နိုင်ဘူး။ ပြီးရင်နေရပ်တွေကိုပြန်။ အခြေချဖို့ အချိန်ယူရမယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ ကချင်တွေက စုစုစည်းစည်းနဲ့ ၀ိုင်းလုပ်တတ်ကြတော့ သူတို့ကို နေရပ်တွေမှာ ပြန်အခြေကျအောင် လုပ်ပေးနိုင်ဖို့က တကယ်တော့ သိပ်တော့မကြာနိုင်ပါဘူး။

မေး-ဒီနေ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လွှတ်တော်ရဲ့ပါဝင်တဲ့အခန်းကဏ္ဍကိုရော ဘယ်လိုမြင်မိပါသလဲ။
ဖြေ-လွှတ်တော်ထဲရောက်နေတဲ့ အမတ်တွေက ပါတီနိုင်ငံရေးပဲ ဦးစားပေးတဲ့သဘော။ အားလုံးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ခုထိပြောတာမရှိသေးဘူး။ IDPS အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပြောတာနည်းနည်းပါးပါးပဲ ကြားရတယ်။ လိုလိုလားလားနဲ့ ဖြစ်စေချင်တဲ့ဆန္ဒနဲ့ ပြောဆိုတာမတွေ့ရသေးဘူး။

မေး-ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါဝင်မှုအခန်းကဏ္ဍနဲ့ပတ်သက်လို့ ဘာများမှတ်ချက်ပြုလိုပါသလဲ။ ဒေါ်အောင်ဆန်းစုကြည်က တရားဝင်ဖိတ်ခေါ်လို့ရှိရင် ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်သွားမယ်လို့ ပြောထားပါတယ်။
ဖြေ-တိုင်းရင်းသားတွေအတွက် ၀မ်းနည်းစရာပေါ့။ အားလုံးမျှော်လင့်ထားကြတဲ့ ခေါင်းဆောင်တစ်ယောက်က လွှတ်တော်ထဲဝင်မှ လွှတ်တော်စကားပဲပြောတော့တယ်။ အရင်ကလို ရဲရဲတောက် အမှန်တရားတွေ မပြောတော့ဘူး။ တိုင်းရင်းသားအရေးသက်သက် ပြောဆိုတာမရှိတော့ဘူး။ ယေဘုယျခြုံပြောတာပဲရှိတယ်။ လွှတ်တော်ရဲ့လူပဲဖြစ်သွားတယ်။ တိုင်းရင်းသားတွေက မခံစားနိုင်ကြဘူး။

ကချင်ဆို ပြောစရာအများကြီးရှိတယ်။ လွတ်လပ်ရေးရဖို့ ဗိုလ်ချုပ်အောင်ဆန်းက ကချင်မှာစည်းရုံးပြီး ကချင်ဦးထုပ်ဆောင်းပြီး ကချင်စလွယ်နဲ့ စည်းလုံးရေးဓာတ်ပုံရိုက်ခဲ့တယ်။ ကချင်ပါဝင်လာလို့ ပြည်ထောင်စုရှိလာတဲ့သဘော ဖြစ်ခဲ့တယ်။ ဗိုလ်ချုပ်က ကချင်ကို တော်တော်ဦးစားပေးတယ်။ တခြားကိုသွားရင်လည်း သက်သက်ပေါ့။ ကချင်မှာတော့ ဗိုလ်ချုပ်က ဒီဂရီအဆုံးစည်းရုံးနိုင်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က အခုကချင်အရေးကို ဘာမှမဟုတ်သလို လျစ်လျူရှုထားတာ တိုင်းရင်းသားတွေ ၀မ်းနည်းမှု၊ သူရဲ့ကျဆုံးမှုလို့ပဲ ထင်မြင်မိတယ်။ သူ့ကို ၈၈ ကနေ ရဲရဲ့ဝံ့ဝံ့အာဏာရှင်ကို တော်လှန်ရဲတဲ့ စိတ်ဓာတ်ကို ချီးကျူးခဲ့တာ မြန်မာကိုကယ်တင်မယ့် ဒီမိုကရေစီကို ဦးဆောင်မယ့် ခေါင်းဆောင်လို့ ယုံကြည်ခဲ့တာ။ သူမြစ်ကြီးနား ရောက်ချိန်မှာလည်း တစ်စားပွဲတည်းထမင်းစားချိန်မှာ မေးဖူးတယ်။ တိုင်းရင်းသားအရေးကို ဘယ်လိုမြင်လဲပေါ့။ သူက ကျွန်မအနေနဲ့ စောသေးတယ်ပြောတယ်။ နောက် သူက IDPS နဲ့ ပတ်သက်လို့ အလှူငွေတော့လှူတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တွေးမျှော်လင့်တာက ပိုက်ဆံမဟုတ်ဘူး။ ကိုယ်တိုင်ဒုက္ခသည်တွေကို အားပေးတာမျိုးလိုချင်တာ။ သူမလုပ်ခဲ့ဘူး။ အခုလည်း သူ့ရဲ့တိတ်ဆိတ်နေမှုများလာတော့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ ပျက်ကွက်နေသလိုခံစားရတယ်။ နိုဗယ်ဆုဘယ်လောက်ပေးပေး။ အပြင်က လူတွေအထဲမှာ ဖြစ်နေတာ မမြင်ရဘဲပေးတာ။ အထဲကလူတွေခံစားချက်က သူကငြိမ်းချမ်းရေးကို ပြည်တွင်းမှာ မလုပ်နိုင်တော့ဘူးလို့ ခံစားမိလာရတယ်။ ရခိုင်၊ ကချင်၊ လက်ပံတောင်းမှာ သူရဲ့ရဲရဲတောက်ကဏ္ဍ မရှိတော့ဘူး။ ပြီးရင်တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ တစ်ယောက်အနေနဲ့လည်း ဘာမှမလုပ်နိုင်သေးဘူးဆိုတာ တွေ့ရတယ်။ ကချင်မှာ ဘရန်ရှောင်ကိစ္စကိုပဲကြည့်။ တရားဥပဒေ စိုးမိုးမှုလုံးဝမရှိတာ သက်သေပဲ။ တပ်က တရားဥပဒေအပေါ်မှာ ရှိနေတယ်ဆိုတဲ့ အထောက်အထားပဲ။ ဒါတွေကြည့်ရင် သူကငြိမ်းချမ်းရေးကိုရော ပီပီပြင်ပြင်မလုပ်နိုင်တော့ဘူးလို့ ထင်မိတယ်။

မေး-ငြိမ်းချမ်းရေးအမြန်ရရှိဖို့ အစိုးရကိုရော ဘာများအကြံပြုတိုက်တွန်း ပြောချင်ပါသလဲ။
ဖြေ-မြန်မာ့ဒီမိုကရေစီရေးမှာ တိုင်းရင်းသားအရေးမပါဘဲ မပြီးနိုင်ဘူး။ အခုလက်နက်စွဲကိုင်နေတာ။ အားလုံးတိုင်းရင်းသားတွေပဲ။ တိုင်းရင်းသားတွေက မရှိတာကို တောင်းနေတာမဟုတ်ဘူး။ ရှိပြီးသားကိုတောင်းတာ။ စိတ်သဘောထားကြီးစွာ လိုက်လျောလိုက်ရင် ပြေလည်သွားနိုင်တယ်။ အစိုးရအနေနဲ့လည်း တိုင်းရင်းသားတွေကို ဟိုတစ်ဖွဲ့၊ ဒီတစ်ဖွဲ့မဟုတ်ဘဲ စုံစုံညီညီတွေ့ဆုံပြီးမှ မင်းတို့လိုချင်တာ ဒါပဲဆိုရင် ပြီးသွားမှာ။ အခုက ကချင်ဝန်ကြီးချုပ်က ကချင်။ ဒါပေမဲ့ ပြည်သူဆန္ဒနဲ့ မဲပေးထားတဲ့ ခေါင်းဆောင်မဟုတ်ဘူး။ အစိုးရက တိုင်းရင်းသားတွေ တောင်းနေတဲ့ မူလအခွင့်အရေးတွေပေးရင် ရိုးရိုးသားသားဉာဏ်နီဉာဏ်နက်မပါဘဲ သဘောထားကြီးကြီးနဲ့ Power Sharing လုပ်လိုက်ရင် ပြည်ထောင်စုကြီး ငြိမ်းချမ်းမယ်လို့ ယုံကြည်တယ်။ ဒီလိုပဲ တိုက်တွန်းချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်းသူ- အောင်ခိုင်
7Day News Journal