ငြိမ်းချမ်းရေးအတွက် အစ္စလာမ်နှင့်ပါ လက်တွဲမည်ဟု ဦးဝီရသူဆို

ပို့စ်တင်ချိန် - 9/12/2013 01:15:00 PM



အကြမ်းဖက်မှုနှင့် အဓိကရုဏ်းများ ထပ်မံမဖြစ်ပွားရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အစ္စလာမ် ဘာသာဝင်များ အပါအဝင် ငြိမ်းချမ်းရေး လိုလားသူ မည်သူနှင့်မဆို လက်တွဲလုပ် ဆောင်မည်ဖြစ်ကြောင်း မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။

၉၆၉ နှင့် မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး လှုပ်ရှားမှုများနှင့် ပတ်သက်၍ ဝေဖန်ခံနေရသည့် ဆရာတော် ဦးဝီရသူက ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၁၃) ရပ်ကွက်ရှိ ကေသာရာမ ပရိယတ္တိစာသင်တိုက်၌ စက်တင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်သည့် ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းသို့ မိန့်ကြားခြင်းဖြစ်သည်။
"ငြိမ်းချမ်းရေးအတွက် လက်တွဲလို့ရတဲ့သူ ဘယ်သူနဲ့မဆို လက်တွဲ လုပ်ဆောင်သွားမယ်" ဟု ဆရာတော်က မိန့်ကြားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများသည် ၄င်း၏ပယောဂ လုံးဝမပါရှိကြောင်း၊ ၄င်းသည် အဓိကရုဏ်းများကို မလိုလားသူဖြစ်သဖြင့် အဓိကရုဏ်း ဖြစ်ပွားရသည့် အကြောင်းအရင်းကို ရှာဖွေ တားဆီးနိုင်အောင် စွမ်းနိုင်သမျှကြိုးပမ်းနေသူ ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ပဋိပက္ခများတွင် ဥပဒေမဲ့တုံ့ပြန်ခြင်း များကြောင့် နှစ်ဦးနှစ်ဖက် နစ်နာ ဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း၊ ဥပဒေမဲ့ တုံ့ပြန်ခြင်းကြောင့် တိုင်းပြည်၊ လူမျိုး၊ ဘာသာ၊ သာသနာ ထိခိုက်နစ်နာရကြောင်း ကို ပြည်သူများ နားလည်ပြီး ယင်းသို့လုပ်ရပ် များကို ရှောင်ရှားနိုင်ရန် ကျယ်ပြန့်စွာ ဟောပြောပို့ချသွားမည် ဖြစ်ကြောင်း ဦးဝီရသူက မိန့်ကြားသည်။

ကမ္ဘာပေါ်တွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ရှိနေသည့်အတွက် ပြဿနာများ ရှိနေမည် ဖြစ်ကြောင်း၊ သို့သော် ယင်းပြဿနာများကို ဖြေရှင်းရန် ကောင်းမွန်သည့်မူများ၊ နည်းလမ်းများ၊ တရားဥပဒေ စိုးမိုးမှုများ ရှိနေရမည် ဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် အစ္စလာမ်ဘာသာဝင် ဦးရွှေကြည် (ဒိုင်းမွန်းရွှေကြည်)က ပြောကြားသည်။
"အမှန်အတိုင်း ပြောရရင် အရင်က ဦးဝီရသူကို မုန်းတဲ့ သူတွေထဲမှာ ကျွန်တော် ရှေ့ဆုံးက ပါဝင်ခဲ့ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့တွေဟာ ၃ နဲ့ ၄ ကနေ ၄ နဲ့ ၃ လို မျက်နှာချင်းဆိုင် အနေအထားရောက်အောင် ကြိုးစားကြရမှာပါ" ဟု ၄င်းက ဆိုသည်။

ဥပဒေမဲ့ အကြမ်းဖက် လက်တုံ့ပြန်ခြင်းသည် မြတ်ဗုဒ္ဓ၏ တရားတော်နှင့် ဆန့်ကျင်ပြီး ဘာသာတရား၏ ဂုဏ်သိက္ခာ ကို ထိခိုက်ကျဆင်းစေကြောင်း၊ အကယ်၍ ဘာသာခြားများက မိမိတို့ကို အကြမ်းဖက် လာသည့်တိုင် ဗုဒ္ဓ၏ တရားတော်နှင့်အညီ မေတ္တာဖြင့် တုံ့ပြန်ရန်သာ ဟောပြောမိန့်ကြား ခဲ့ကြောင်း ဦးဝီရသူက မိန့်ဆိုသည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်၊ မြန်မာ-မွတ်ဆလင် အမျိုးသားရေးရာ အဖွဲ့ချုပ်တို့ကို ဆက်သွယ်မေးမြန်းခဲ့ရာ လတ်တလောတွင် တစ်စုံတစ်ရာ မှတ်ချက် ပေးရန် မရှိသေးကြောင်းသာ ပြန်လည်ဖြေကြားကြသည်။

ယခုကဲ့သို့ ဘာသာပေါင်းစုံ တွေ့ဆုံကာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြခြင်းသည် ကောင်းမွန်သော်လည်း စာရွက်ပေါ်၌သာ ငြိမ်းချမ်းနေရုံတင်မကဘဲ တကယ့်ငြိမ်းချမ်းရေး ရရှိစေရန် သက်ဆိုင်ရာ ဒေသများအထိ သွားရောက် လုပ်ဆောင်သင့်ကြောင်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ခရစ်ယာန် ဘာသာဝင် တစ်ဦးဖြစ်သူ ဖေကမ္ဘာငြိမ်းချမ်း(ခ) တေးရေးကမ္ဘာက The Voice သို့ ပြောကြားသည်။
The Voice Weekly