အမျိုးစောင့် ဥပဒေနှင့် ခေါင်ဆောင်သုံးဦး တွေ့ဆုံ

ပို့စ်တင်ချိန် - 9/12/2013 12:53:00 PM


10.9.2013 ရက်နေ့ မနက် 8:30 နာရီ၊ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီး ဘဒ္ဒန္တတိလောကာ ဘိဝံသအား အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ ဂါရဝပြု ဖူးမြော်ရာတွင် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်နှင့် လူငယ်များလည်း ကြည်ညိုသဒ္ဒါ ပွားနိုင်ခဲ့ ကြသည်။

 အင်းစိန်ရွာမဆရာတော်ကြီးက အမိန့်ရှိရာတွင်
“ဆရာတော်တို့ရဲ့နောက်မှာ ဘယ်အဖွဲ့စည်းတွေက ကြိုးကိုင်နေတယ်။ ဘယ်သူ့ကို ကျဆင်းအောင်၊ မထောက်ခံအောင်၊ တမင်ကြံစည်နေတယ်လို့ ပြောကြတာတွေ ရှိပါတယ်။

 ဆရာတော်တို့ကတော့ အမျိုးဘာသာ သာသနာ မျက်နှာကိုပဲ ကြည့်မှာပါ။ ပါတီ၊ ဝါဒ၊ ဂိုဏ်းဂဏတွေ အစွဲအလန်းမထားပါဘူး”
"ပါတီကြီးတွေက တင်ပေးရင်တော့ အကောင်းဆုံးပေါ့။ ပါတီကြီးတွေက ဆန္ဒမရှိရင်လဲ ရှိတဲ့လူနဲ့ပဲ လုပ်သွားရမှာပါ။ ဆရာတော်တို့ အသက်နှင့်ခန္ဓာ တည်ရှိနေသ၍တော့ အမျိုးဘာသာ သာသနာအတွက် လိုအပ်နေတဲ့ ကွက်လပ်ကြီးတစ်ခုကို မဖြစ်မနေ ဖြည့်ဆည်းပေးသွားမှာပါ။"ဟု မိန့်တော်မူခဲ့ပါသည်။

NDF အမတ် ဒေါ်ခင်ဝိုင်းကြည်ကလည်း အမျိုးစောင့်ဥပဒေကို မလိုလားသူများနှင့် လွှတ်တော်ပြင်ပ တွေ့ကြုံရမှုများကို ဆရာတော်ကြီးအား လျှောက်ထားပြီး အခြေအနေအရပ်ရပ်ကို သုံးသပ်ပြခဲ့ပါသည်။

"အမျိုးစောင့်ဥပဒေနှင့် ၅၄-ခုနှစ် ထိမ်းမြားခြင်းဥပဒေ လုံးဝမတူဘူး။ ဒါက တစ်မျိုးသားလုံးအတွက် ပိုကျယ်ပြန့်တယ်။ ပိုလေးနက်တယ်။ အမျိုးစောင့်ဥပဒေ ပေါ်ပေါက်အောင် အစွမ်းကုန် ကြိုးပမ်းသွားမယ်။ "နိုင်ငံရေး လုပ်စားနေတာ" ဆိုတဲ့ စကားလုံးထက် ပြင်းထန်ကြမ်းတမ်းတဲ့ စကားလုံးတွေနှင့် ထိုးနှက်လာရင်တောင် မမှုဘူး။ အမျိုးစောင့်ဥပဒေနှင့် ပတ်သက်ပြီး ဆရာတော်တို့ ပေးအပ်တဲ့တာဝန်ကို ကြေပွန်အောင် ထမ်းဆောင်ပါမည် ဘုရား။"ဟု ပြန်လည် လျှောက်ထားခဲ့ကြောင်း သိရသည်။

Wira Thu