ငွေစက္ကူ၌ ဗိုလ်ချုပ်ပုံ ရိုက်နှိပ်ရန် တင်ပြမှု အဆို ကန့်ကွက်ခံရ

ပို့စ်တင်ချိန် - 9/12/2013 06:17:00 PM


ငွေစက္ကူများ၌ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ များ ပြန်လည် ရိုက်နှိပ်ထုတ်ဝေရန် လွှတ်တော်ကိုယ်စားလှယ်ဦးကျော်က ယနေ့ ကျင်းပသော ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အဆိုတင်ခဲ့မှုကို ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီဝင် ကိုယ်စားလှယ် ဒေါက်တာ စောလှထွန်းက ကန့်ကွက်ခဲ့သည်။

ကန့်ကွက်မှု ရှိသဖြင့် ဦးကျော်တင်ပြသော အဆိုအား လွှတ်တော်ဥက္ကဌ က ကိုယ်စားလှယ်များကို မဲစနစ်ဖြင့် ဆုံးဖြတ်စေခိုင်းခဲ့ရာ ထောက်ခံ သူ နှစ်မဲသာ ရှိခဲ့၍ ဆွေးနွေးခွင့် မရရှိခဲ့ပေ။

အမျိုးသား ဒီမိုကရေစီ ပါတီသစ် အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က လက်ရှိထုတ်ဝေနေသော တစ်ထောင်တန်အထိ ငွေစက္ကူများမှာ ပါတီတစ်ခုကို ကိုယ်စားပြုသော ခြင်္သေ့ ပုံတံဆိပ် ထည့်သွင်းရိုက်နှိပ် ထားခြင်းမှာ မသင့်တော်ဟု
ပြောကြားခဲ့သည်။

ယင်းကို ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဝင် ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောလှထွန်းက ယင်းကိစ္စမှာ ပြည်ထောင်စု လွှတ်တော်မှ ဆုံးဖြတ်ရမည့် ကိစ္စရပ်ဖြစ်ပြီး ဦးကျော်၏ အဆိုမှာ အဖွဲ့အစည်းကို ပုတ်ခတ်ပြောဆိုသည့် သဘောရှိနေ သည်ဟု ပြန်လည်ချေပခဲ့သည်။

၎င်း၏ အဆိုဆွေးနွေးခွင့် မရခဲ့မှုနှင့် ပတ်သတ်၍ ဦးကျော်က "ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဗိုလ်ချုပ်ကို ဘယ်နေရာပေးလဲဆိုတာ ဒီနေရာမှာ ပေါ်သွားပြီ" ဟု မှတ်ချက်ပေးသည်။

ယနေ့ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ ဆဌမ ပုံမှန် ပထမ ဆုံးရက်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၂၃ ဦးတက်ရောက်ခဲ့သည်။

ဝေမာထွန်း
Popular Myanmar News Journal