တွင်ခုံကြီးများ ဖုန်တက်နေသည်

ပို့စ်တင်ချိန် - 12/18/2013 08:15:00 PM


အလင်းရောင်ကောင်းစွာမရသည့် အခန်းအတွင်း ကျပ်နှစ်ဆယ့်ခြောက်သိန်းခန့်တန်ဖိုးရှိသည့် တွင်ခုံကြီးများသည် ဖုန်အလိမ်းလိမ်းဖြင့် ငြိမ်သက်စွာတည်ရှိနေသည်။ တန်ဖိုးကြီးသော အရင်းအနှီးပစ္စည်းများဖြစ်သော်လည်း လွန်ခဲ့သည့်သုံးနှစ်ခန့်မှစ၍ ၎င်းတွင်ခုံကြီးများကို ကိုအောင်ဇေယျ ကောင်းစွာအသုံးပြုနိုင်ခြင်းမရှိတော့။

ခန္ဓာကိုယ်တစ်ခုလုံး စက်သုံးဆီများပေကျံနေခဲ့ပြီး ဆီဂျီး(ချေး) အထပ်ထပ်ညစ်ပေနေသည့် အ၀တ်အစားများဝတ်ကာ ဆယ်နှစ်ကျော်ကြာ လေ့လာသင်ယူခဲ့ရသည့် တွင်ခုံ၊ စက်မှုပညာများမှာလည်း ယခုအချိန်တွင် သူ့ဘ၀ရပ်တည်မှုအတွက် သေချာသည့် အာမခံချက်မပေးတော့။ လေ့လာသင်ယူခဲ့ရသည့် ပညာ၊ ရှိသမျှအင်အားဖြင့် ရင်းနှီးမြှုပ်နှံကာ ထူထောင်ခဲ့ရသည့် စက်မှုလက်မှုလုပ်ငန်းမှာ ယခုအခါယိုင်နဲ့နဲ့သာ။ ပြိုလဲမသွားစေရန် အစွမ်းကုန်ကြိုးစားကျားကန်ထားရသည်ဟု ကိုအောင်ဇေယျကပြောသည်။

ကျောင်းသားဘ၀ကတည်းက ဦးလေးထံတွင် တွင်နှင့်စက်မှုလက်မှုပညာကို သင်ယူခဲ့ပြီး ကျောင်းပြီးချိန် လွန်ခဲ့သည့် ၂၀၀၂ ခုနှစ်ဝန်းကျင်တွင် ရှိသမျှအရင်းအနှီးစိုက်ထုတ်ကာ ကိုယ်ပိုင်လုပ်ငန်းအဖြစ် ထူထောင်ခဲ့သည်။ ပဉ္စရူပတွင်၊ စက်မှုလက်မှုနှင့် သံပန်းတံခါးလုပ်ငန်းကို စတင်တည်ထောင်ခဲ့ပြီး အဆင်ပြေအောင်မြင်စွာ ရပ်တည်လည်ပတ်နိုင်ခဲ့သော်လည်း လွန်ခဲ့သည့်နှစ်ပိုင်းများမှစတင်ကာ အိမ်နီးချင်းတရုတ်နိုင်ငံက ၀င်ရောက်လာခဲ့သော စက်မှုထုတ်ကုန်များကြောင့် လုပ်ငန်းလည်ပတ်နိုင်မှု အားနည်းလာခဲ့သည်ဟု ကိုအောင်ဇေယျကပြောသည်။

ကမ္ဘာပေါ်တွင် ဈေးနှုန်းအချိုသာဆုံးကုန်ပစ္စည်းများကို အများဆုံးထုတ်လုပ်ရောင်းချနေသည့် အိမ်နီးချင်းတရုတ်နိုင်ငံ၏ စက်မှုထုတ်ကုန်များက မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င် ဒလဟောစတင်ရောက်လာသည့် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မန္တလေးစက်မှုဇုန်အတွင်းရှိ စက်မှု၊ လက်မှုလုပ်ငန်းအများစု ရပ်တန့်ပိတ်သိမ်းသွားစေခဲ့သည်မှာ ယနေ့တိုင်ပင် နာလန်မထူတော့ပေ။

လက်ရှိအရပ်သားအစိုးရက အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေများထုတ်ပေးနေသည်ဆိုသော်လည်း အလုပ်မဖြစ်ဟု လုပ်ငန်းရှင်များကဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်း ဈေးကွက်တွင် ကျယ်ပြန့်စွာရရှိခဲ့ပြီး အင်အားကောင်းစွာဖြင့် လည်ပတ်လုပ်ကိုင်နိုင်ခဲ့သော မန္တလေးစက်မှုဇုန်အတွင်းရှိ ကွန်ပရက်ဆာထုတ်လုပ်သည့်လုပ်ငန်း၊ ရေခရုထုတ်လုပ်သည့် လုပ်ငန်းများနှင့် ကားခွေထုတ်လုပ်သည့် လုပ်ငန်းများသည် တရုတ်ထုတ်ကုန်များဝင်လာပြီးနောက် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် ရပ်တန့်ပိတ်သိမ်းသွားခဲ့ရသည်ဟု မန္တလေးစက်မှုဇုန်လုပ်ငန်းရှင်များက ပြောသည်။

သုံးစွဲသူအကြိုက် ထုတ်လုပ်နိုင်ခဲ့သလို မြန်မာနိုင်ငံတွင်း ဈေးကွက်အတော်အသင့်ရရှိခဲ့သော်လည်း တရုတ်ပစ္စည်းများကို မယှဉ်နိုင်သည့်အတွက် လွန်ခဲ့သည့်သုံးနှစ်ခန့်မှစတင်ကာ လုပ်ငန်းများရပ်နားခဲ့ရသည်ဟု မန္တလေးစက်မှုဇုန်တွင် ကွန်ပရက်ဆာ (Air Compressor) ထုတ်လုပ်သည့် ပွင့်စက်မှုလက်မှုလုပ်ငန်းမှ ဦးခင်မောင်သန်းကပြောသည်။

တရုတ်နိုင်ငံမှဝင်လာသော ကွန်ပရက်ဆာများမှာ ပေါ့ပါးလှပပြီး ဈေးနှုန်းချိုသာသည့်အတွက် ဈေးကွက်အတွင်း မည်သို့မျှယှဉ်ပြိုင်ရောင်းချနိုင်ခြင်းမရှိဘဲ လုပ်ငန်းရပ်နားခဲ့ရကြောင်း လုပ်သား ၁၃ ဦးခန့်ဖြင့် ဆယ်နှစ်ကျော်ကြာ ကွန်ပရက်ဆာ (Air Compressor) ထုတ်လုပ်ခဲ့သည့် ဦးခင်မောင်သန်းကပြောသည်။

“ဈေးက သုံးလုံး၊ တစ်လုံးလောက် ကွာနေတယ်။ နည်းပညာပိုင်းအရလည်း ဘယ်လိုမှမယှဉ်နိုင်ဘူး။ ဒီမှာသုံးနေတဲ့ စက်ကိရိယာတွေကလည်း ခေတ်မမီတော့ ထုတ်လုပ်မှုစရိတ်ကလည်း လျှော့လို့မရဘူး။ နောက်ဆုံးတော့ ရပ်နားလိုက်ရတာပဲ”ဟု ဦးခင်မောင်သန်းကပြောသည်။

ပြည်တွင်းစက်ရုံအလုပ်ရုံများမှ ကွန်ပရက်ဆာတစ်လုံးရရှိရန် ခုနစ်ရက်၊ ရှစ်ရက်ခန့် အချိန်ယူထုတ်လုပ်နေရချိန်တွင် အိမ်နီးချင်းနိုင်ငံများတွင် ခေတ်မီစက်ကိရိယာများသုံးကာ ဆယ်ရက်လျှင် အလုံးတစ်ရာခန့်ထုတ်လုပ်နိုင်၍ ထုတ်လုပ်မှုစရိတ် မည်သို့မျှယှဉ်ပြိုင်နိုင်မှုမရှိဟုဆိုသည်။

၂၀၁၀ ပြည့်နှစ်ဝန်းကျင်အထိ မန္တလေးစက်မှုဇုန်တွင် ကွန်ပရက်ဆာထုတ်လုပ်သည့် စက်မှုလုပ်ငန်း ၅၀ ခန့် ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ၉၀ ရာခိုင်နှုန်းမှာ လုပ်ငန်းရပ်နားသွားခဲ့ရပြီဟု မန္တလေးစက်မှုဇုန်လုပ်ငန်းရှင်များကပြောသည်။

ကွန်ပရက်ဆာလုပ်ငန်းများနည်းတူ ရေခရုထုတ်လုပ်သည့်လုပ်ငန်းများ၊ တွင်၊ စက်မှုလက်မှုနှင့် စက်ကိရိယာအပိုပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းအများစုသည် တရုတ်နိုင်ငံမှဝင်ရောက်လာသည့် ကုန်ပစ္စည်းများကိုမယှဉ်နိုင်သည့်အတွက် ရပ်နားပိတ်သိမ်းနေရခြင်းဖြစ်သည်။

မန္တလေးစက်မှုဇုန် စတင်တည်ဆောက်ခဲ့ပြီးသည့်နောက် ၁၉၉၁ ခုနှစ်တွင် မန္တလေးစက်မှုဇုန်အတွင်း အသေးစားလုပ်ငန်း (၁၁၁၇)ရှိခဲ့သော်လည်း ယခုနှစ်တွင် စက်မှုဇုန်အတွင်း အသေးစားလုပ်ငန်း ၆၄၆ ခုသာ ကျန်ရှိတော့ပြီး လုပ်ငန်း ၄၀၀ ကျော်မှာ ရပ်နားပိတ်သိမ်းသွားခဲ့ကြောင်း မန္တလေးစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ မှတ်တမ်းများ၌ ဖော်ပြထားသည်။

နှစ် ၂၀ အတွင်း မန္တလေးစက်မှုဇုန်မှ အသေးစားလုပ်ငန်း ငါးဆယ်ရာခိုင်နှုန်းခန့် ရပ်နားသွားခဲ့ရခြင်းဖြစ်ပြီး ကျန်ရှိလည်ပတ်နေသော လုပ်ငန်းအများစုမှာလည်း ယိုင်နဲ့နဲ့သာရှိပြီး အခြေအနေမကောင်းဟု မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦးကပြောသည်။

တရုတ်၊ ထိုင်းနှင့် အိန္ဒိယကဲ့သို့ အိမ်နီးချင်းနိုင်ငံများမှ စက်မှုထုတ်ကုန်များ တရားဝင်နှင့် တရားမ၀င်လမ်းကြောင်းများမှ ၀င်ရောက်လာနေပြီး ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းချိုသာစွာ ရောင်းချနေရာ ပြည်တွင်းရှိ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ များစွာထိခိုက်မှုရှိနေသည်။ လက်ရှိအချိန်တွင်ပင် ထိခိုက်မှုရှိနေရာ ၂၀၁၅ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဧရိယာ (AFTA) ဖြစ်လာချိန်တွင် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ဆက်လက်ရပ်တည်နိုင်ရန်မှာ အလွန်ခက်ခဲသွားမည်ဖြစ်ပြီး ရေရှည်တွင် တောင့်ခံရန်မဖြစ်နိုင်ဟု ဦးမောင်မောင်ဦးကပြောသည်။

မြန်မာနိုင်ငံတွင် တီထွင်ထုတ်လုပ်ပြီး ဈေးကွက်ရကာ ရောင်းအားကောင်းနေသော စက်မှုထုတ်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံရှိ စက်ရုံကြီးများတွင် အရေအတွက်များစွာ ထုတ်လုပ်ပြီး မြန်မာနိုင်ငံတွင်းသို့ ဈေးနှုန်းချိုသာစွာ တင်သွင်းရောင်းချခြင်းဖြစ်သည်ဟု မန္တလေးမြို့မှ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များကပြောသည်။

၂၀၁၅ အာဆီယံစီးပွားရေးအသိုက်အ၀န်း ဖြစ်လာချိန်တွင် ထိုင်း၊ မလေးရှား၊ ဗီယက်နမ်ကဲ့သို့ အာဆီယံနိုင်ငံများမှ စက်မှုထုတ်ကုန်ပစ္စည်းများ အတားအဆီးမရှိ ၀င်လာမည်ဆိုလျှင် ဆက်လက်ရပ်တည်နိုင်ရန်မှာ အလွန်ခက်ခဲမည်ဖြစ်ကြောင်း ပဉ္စရူပတွင်နှင့် သံရည်ကျိုလုပ်ငန်းမှ ကိုအောင်ဇေယျကပြောသည်။

စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ နိုင်ငံတော်အနေနဲ့လည်း ဂရုစိုက်လုပ်ဆောင်ပေးဖို့လိုနေပါတယ်”ဟု ၎င်းကပြောသည်။

ပြည်တွင်းရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရန် ဒုသမ္မတဦးဆောင်သည့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီက ၂၀၁၂ ခုနှစ် ဧပြီတွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနကို ဖွဲ့စည်းခဲ့သည်။ ယင်းဌာနမှ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာ၊ ငွေကြေးအရင်းအနှီး၊ လျှပ်စစ်မီးရရှိရေး စသည်တို့ကို ကူညီပံ့ပိုးပေးမည်ဟုဆိုသည်။ သို့သော် ယနေ့အချိန်ထိ ထိရောက်သော ကူညီလုပ်ဆောင်ပေးမှုများမရှိသေးဟု စက်မှုလုပ်ငန်းရှင်များကပြောသည်။

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ငွေကျပ်သန်းတစ်သောင်း(၁၀ ဘီလီယံ)ကို အချိန်ကာလသုံးနှစ်၊ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အလားအလာကောင်းမွန်သည့် စီးပွားရေးလုပ်ငန်း ၆၂ ခုသို့ ချေးပေးထားသည်ဟု စက်မှုဝန်ကြီးဌာန ဒုဝန်ကြီးဦးမျိုးအောင်က ပြီးခဲ့သည့်သြဂုတ်လက ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် ပြောသည်။

ယင်းငွေချေးမှုသည် အမှန်တကယ်အရင်းအနှီးငွေလိုအပ်နေသော အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ငွေချေးခြင်းမဟုတ်ဘဲ နီးစပ်ရာလူအား လက်သိပ်ထိုးချေးပေးခြင်းဖြစ်နိုင်ကြောင်း မန္တလေးစက်မှုဇုန်မှ စက်မှုလုပ်ငန်းရှင်များက ဝေဖန်ပြောကြားသည်။ ငွေကြေးများချေးပေးသည်ဆိုသည့်ကိစ္စကို သတင်းကြားသိရခြင်းပင်မရှိဘဲ မန္တလေးစက်မှုဇုန်မှ လုပ်ငန်းရှင်တစ်ဦးမျှလည်း ချေးငွေရရှိခြင်းမရှိကြောင်း မန္တလေးစက်မှုဇုန်လုပ်ငန်းရှင်များကပြောသည်။

ထို့အပြင် အစိုးရအနေဖြင့် လက်ရှိအချိန်ထိ အသေးစားလုပ်ငန်း၊ အလတ်စားလုပ်ငန်းနှင့် အကြီးစားလုပ်ငန်း မည်သို့ခွဲခြားမည်ဆိုသည်ကိုပင် တိကျသည့် သတ်မှတ်မှုမရှိသေးပေ။

လက်ရှိကျင့်သုံးနေသည့် ဥပဒေအရ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို အဓိပ္ပာယ်သတ်မှတ်ရာတွင် ထုတ်လုပ်မှုအမျိုးအစားတွင် လုပ်သားအရေအတွက် ၁၀ မှ ၇၀ ဦး အသုံးပြုပြီး အရင်းအနှီးထည့်ဝင် လည်ပတ်သုံးစွဲငွေ ကျပ်သန်း ၅၀၀ အောက်နှင့် ၀န်ဆောင်မှုလုပ်ငန်းတွင် ၀န်ထမ်းအရေအတွက် ၁၀ မှ ၅၀ ဦးအထိ၊ အရင်းအနှီးထည့်ဝင်ငွေ ကျပ်သန်း ၂၀၀ အောက်ကို အသေးစားလုပ်ငန်း၊ ထုတ်လုပ်မှုလုပ်ငန်းများတွင် လုပ်သားအရေအတွက် ၇၀ မှ ၁၅၀ ဦးထိ၊ ထည့်ဝင်ရင်းနှီးငွေ ကျပ်သန်း ၁၀၀၀ အောက်နှင့် ၀န်ဆောင်မှုလုပ်ငန်းတွင် လုပ်သား ၅၀ မှ ၁၀၀ ဦးအထိ၊ ရင်းနှီးငွေကျပ်သန်း ၅၀၀ အောက် လုပ်ငန်းများကို အလတ်စားစီးပွားရေးများဟု သတ်မှတ်သည်။

သို့သော် ၎င်းသတ်မှတ်မှုများသည် လက်ရှိအခြေအနေနှင့် ကိုက်ညီမှုမရှိတော့ကြောင်း၊ ထို့အတွက် နိုင်ငံတော်အစိုးရအနေဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်းကို ရေးဆွဲပြီးဖြစ်ပြီး မကြာမီကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုပြဋ္ဌာန်းမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၊ စက်မှုညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးသောင်းမြင့်က ပြီးခဲ့သည့်နိုဝင်ဘာလအတွင်းကပြောသည်။

၎င်းဥပဒေသစ်ပြဋ္ဌာန်းပြီးလျှင် စက်မှုကုန်ထုတ်လုပ်ငန်းများသာမက ၀န်ဆောင်မှုလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားကုမ္ပဏီများ၊ အခြားစီးပွားရေးဆိုင်ရာလုပ်ငန်းများကိုပါ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအဖြစ် ဥပဒေနှင့်အကျုံးဝင်စေရန် ထည့်သွင်းသတ်မှတ်မည်ဖြစ်ကြောင်း၊ ဥပဒေသစ်ကြောင့် ငွေကြေးအရင်းအနှီး၊ နည်းပညာစသည့် အကူအညီများ ပိုမိုရရှိလာနိုင်ပြီး နိုင်ငံတကာစီးပွားရေးလုပ်ငန်းများကို ပိုမိုလိုက်မီနိုင်စေမည်ဖြစ်ကြောင်းလည်း ညွှန်ကြားရေးမှူးဦးသောင်းမြင့်ကဆိုသည်။

မြန်မာနိုင်ငံအတွင်း တည်ထောင်ထားသော စက်မှုဇုန်များရှိ လုပ်ငန်းစုစုပေါင်း၏ ၉၉ ဒသမ ၄ ရာခိုင်နှုန်းမှာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်ပြီး ယင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထူးအလေးထားလုပ်ဆောင်ရန် လိုအပ်နေသည်ဟု အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုသမ္မတဦးဉာဏ်ထွန်းက နိုဝင်ဘာလဆန်းက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး၌ ပြောကြားထားသည်။

သို့သော် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများမှာ နည်းပညာ၊ ငွေကြေးအရင်းနှီး၊ လျှပ်စစ်မီး၊ ကျွမ်းကျင်လုပ်သား၊ စက်ပစ္စည်းသစ်များ အလွယ်တကူတင်သွင်းခွင့်၊ အခွန်အကောက်လျှော့ချပေးရန် စသည့်လိုအပ်ချက်များစွာရှိနေဆဲဖြစ်သည်။

“ဒီဘက်မှာတော့ အလူးအလိမ့်ခံနေရပြီ။ ရှေ့ဆက်ပြီးတော့ ရပ်တည်နိုင်ဖို့လည်း အခြေအနေမကောင်းဘူး။ နိုင်ငံတော်အနေနဲ့ မူဝါဒစကားလုံးတွေသုံးပြီး အသံကောင်းဟစ်နေရမယ့် အချိန်မဟုတ်တော့ပါဘူး”ဟု ၎င်းကပြောသည်။

စက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးသည် နိုင်ငံစီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးပါသလို နိုင်ငံအတွင်းရှိ လူငယ်များ၏ အနာဂတ်အတွက်ပါ အလွန်အရေးပါသည်ဟု မန္တလေးစက်မှုဇုန်တွင် လုပ်သား ၆၀ ကျော်ဖြင့် ဆယ့်ငါးနှစ်ကျော်ကြာ စက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်ခဲ့သော စံချိန်မီစက်ကိရိယာတီထွင်မှုလုပ်ငန်းမှ ဦးနေ၀င်းကပြောသည်။

အသက်မွေးဝမ်းကျောင်းရပ်တည်ရေးအတွက် တက္ကသိုလ်ပညာထက် ၀ပ်ရှော့၊ တွင်၊ သံဂဟေ၊ ၀ိုင်ယာရိန်းကဲ့သို့ စက်မှုလက်မှုပညာကို အထူးအလေးထားသင်ယူသော လူငယ်လူရွယ်များ မြန်မာနိုင်ငံတွင် များစွာရှိကြောင်း၊ ကျေးလက်ဒေသများမှ ကျောင်းပညာပြီးဆုံးအောင် သင်ကြားနိုင်မှုမရှိသော လူငယ်များစွာသည် စက်မှုလက်မှုပညာများကို နှစ်ရှည်လများ ကြိုးစားသင်ယူပြီး ၎င်းတို့ဘ၀ကို လှပစွာတည်ဆောက်နိုင်ရန် ကြိုးစားကြသည်ဟု ဦးနေ၀င်းကပြောသည်။

စက်မှုလက်မှုလုပ်ငန်းများ ယိုင်နဲ့ပြိုလဲသွားခြင်းသည် လူငယ်များနှင့် နိုင်ငံသားများ၏ တီထွင်ကြံဆမှုကိုပါ ထိခိုက်မှုရှိစေသည်ဟု ဦးနေ၀င်းကဆိုသည်။

“စကားကြီးစကားကျယ်တော့ ဖြစ်ရင်ဖြစ်မယ်။ ဒါကလည်း အမျိုးသားရေးပါ”ဟု ဦးနေ၀င်းကပြောသည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံမှ ၀င်ရောက်လာနေသော ကုန်ပစ္စည်းများကို မယှဉ်နိုင်၍ မန္တလေးစက်မှုဇုန်အတွင်းမှ စက်မှုလက်မှုလုပ်ငန်းများ ရပ်နားသွားရာ ၀ပ်ရှော့၊ တွင်၊ သံဂဟေကဲ့သို့ စက်မှုလက်မှုပညာသင်ယူတတ်မြောက်ထားသူများ အလုပ်လက်မဲ့ဖြစ်ပြီး ဆိုင်ကယ်ပွဲစား၊ ကားပွဲစား စသည့်ကြုံရာအလုပ်များကို ပြောင်းလဲလုပ်ကိုင်နေရမှုများရှိနေကြသည်။

ကျပ် ၂၆ သိန်းတန် တွင်ခုံကြီးသုံးလုံး တစ်ပြိုင်တည်းလည်ပတ်လုပ်ကိုင်နိုင်ခဲ့သည့် အချိန်များ တစ်ကျော့ပြန် ပြန်လည်ရောက်ရှိလာရေးမှာ ကိုအောင်ဇေယျအတွက် အိပ်မက်မျှသာ။ လက်တွေ့အခြေအနေရ ဖြစ်နိုင်ရန်အတော်ခက်ခဲနေပြီ။ ယခင်က တွင်ခုံဆရာများ၊ ပညာသင်များဖြင့် စည်စည်ကားကား လုပ်ငန်းလုပ်ကိုင်နိုင်ခဲ့သော သူ့အလုပ်ရုံမှာ ယခုတော့ ခြောက်ကပ်ကပ်သာ။ ဖုန်အလိမ်းလိမ်းတက်နေသော တွင်ခုံကြီးများဘေးတွင် ကိုအောင်ဇေယျက အရည်ကျိုထုတ်လုပ်ထားသော သံထည်များကို တစ်ခုချင်းစီနေသည်။

“နိုင်ငံတော်အစိုးရကသာ ကျွန်တော်တို့လုပ်ငန်းတွေကို တကယ်ဖွံ့ဖြိုးစေချင်တယ်။ လိုအပ်နေတာတွေ အမှန်တကယ် ဖြည့်ဆည်းပေးမယ်ဆိုရင် တခြားနိုင်ငံတွေကို ယှဉ်ပြီးလုပ်နိုင်ပါတယ်”ဟု ကိုအောင်ဇေယျက ယုံကြည်ချက်အပြည့်ဖြင့်ပြောသည်။

ရေးသားသူ- မောင်တာ
7 Day News Journal