နေပြည်တော်မှ တောင်သူလယ်သမားများ ဆင်းရဲနေသမျှ တိုင်းပြည်သိက္ခာကျမည်ဟု လယ်/ဆည်ဝန်ကြီး ပြော

ပို့စ်တင်ချိန် - 12/18/2013 10:00:00 AM



စိုးသန်းလင်း|ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့၊ ၂၀၁၃ ခုနှစ်

နေပြည်တော်ရှိ တောင်သူလယ်သမားတို့ သုံးနိုင်စားနိုင်ဖို့ ဘ၀တိုးတက်ဖို့ လိုသည် (သို့မဟုတ်)ပါက တိုင်းပြည် သိက္ခာကျဆင်းမည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးမြင့်လှိုင်က ယနေ့ နံနက်ပိုင်း၌ ဇမ္ဗူသီရိမြို့ နယ်ရှိ ဒေသခံတောင်သူများနှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။

“နေပြည်တော်မှာ ဟိုတယ်ဇုန်လောက်ပဲ တိုးတက်နေလို့မရဘူး။ နေပြည်တော်က လယ်သမားတွေ တိုး တက်လာမှ သုံးနိုင်မှ စားနိုင်မှဖြစ်မယ်။ နို့မို့ဆိုရင် ကျွန်တော်တို့တိုင်းပြည် သိက္ခာကျတယ်။ တစ်တိုင်း ပြည်လုံးရဲ့ မြို့တော်ဖြစ်တဲ့အတွက် သိက္ခာကျလို့မရဘူး။ ကိုယ့်နိုင်ငံ ဂုဏ်ဆောင်နိုင်ဖို့အတွက် လယ် သမားတွေ တိုးတက်မှရမယ်”ဟု ၀န်ကြီးက ပြောသည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အလျင်လိုကျေးရွာတွင် ပြုလုပ်သည့် နေပြည်တော်ကောင်စီ မြို့နယ် ရှစ် မြို့နယ် ဧကတစ်သောင်း စက်မှုလယ်ယာစနစ် အကောင်အထည်ဖော်ရေးလုပ်ငန်း ညှိနှိုင်းပွဲတွင် ပြောခဲ့ ခြင်းဖြစ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းပွဲနှင့်အတူ ကျင်းပခဲ့သည့် အလျင်လိုကျေးရွာတွင် ပြုလုပ်သည့် စက်မှုလယ်ယာ စနစ် တစ်ကွင်းတစ်စပ်တည်း ဧက ၄၄၀ ပုလဲသွယ် စပ်မျိုးစပါး ကောက်ရိတ်သိမ်းပွဲသို့ နေပြည်တော်ရှိ ဒေသခံတောင်သူများနှင့်အတူ ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှ တောင်သူလယ်သမားများလည်း တက်ရောက် လေ့လာခဲ့ကြောင်း တွေ့ရသည်။

ထို့ပြင် ၀န်ကြီးက “ဒီလို တိုးတက်ကောင်းမွန်အောင် ကိုယ့်ဟာကိုယ်ပဲ လုပ်ကြရတယ်။ ကျေးရွာတွေက ကိုယ့်အဖေ ကိုယ့်ယောက္ခမ ရွာမဟုတ်ဘူး။ ပံ့ပိုးမယ့်သူကိုပဲ အားကိုးနေလို့မရဘူး။ အခု စက်မှုလယ် ယာ ကူးပြောင်းဖို့ကို လယ်သမားတွေကို ပိုက်ဆံထည့်ခိုင်းဖို့ မဖြစ်နိုင်သေးဘူး။ အဲဒါတွေ ကျွန်တော်တို့ လုပ်ပေးမယ်။ နိုင်ငံခြားငွေ အထောက်အပံ့တွေလဲ ယူမယ်။ စက်မှုလယ်ယာမှာလည်း စက်တွေ အဆင် သင့်။ ခင်ဗျားတို့ လိုက်ပါလာဖို့ပဲ လိုတယ်”ဟုလည်း ဒေသခံတောင်သူတို့ တစ်ကွင်းတစ်စပ်တည်း ဧက စနစ် စက်မှုလယ်ယာနောက်သို့ လိုက်ပါလာရန် ပြောကြားခဲ့သည်။

နေပြည်တော်၌ ဆည်ပေါင်း ၂၂ ခု စိုက်ဧကပေါင်း ၂၄,၀၀၀ နှင့် ဆည်ရေသောက်စနစ်ဖြင့် စိုက်သည့် ဧက တစ်သိန်းခန့်ရှိပြီး ၎င်းတို့ကို စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲပေးလိုက်နိုင်ပါက နေပြည်တော်မှ တောင်သူတို့၏ဘ၀ လွန်မင်းစွာ တိုးတက်ပြောင်းလဲသွားမည်ဟုလည်း ၎င်းက ထည့်သွင်း ပြောကြား သည်။

နေပြည်တော်တွင် လက်ရှိ ဒေသခံအများစု ကျင့်သုံးနေသည့် မိရိုးဖလာ လယ်ယာစနစ်အရ စပါးအရည် အသွေး မကောင်းနိုင်တော့သဖြင့် ဆန်အရည်အသွေးလဲကျကာ ဈေးကောင်းမရကြောင်း စပါးတင်း ၁၀၀ ကြိတ်ပြီး ဆန်ရောင်းသည့်အခါ ရွှေတစ်ကျပ်သားဖိုး မရနိုင်ကြောင်း ကမ္ဘာ့စပါးဈေးသည် တင်း ၁၀၀လျှင် ရွှေတစ်ကျပ်သားဖိုး ခြောက်သိန်းခွဲ၊ ခုနှစ်သိန်းဖြစ်နေပြီး မြန်မာ့စပါးဈေးသည် လေးသိန်းခွဲသာရှိကြောင်း အကျယ်တ၀င့် ရှင်းပြခဲ့သည်။

သို့ရာတွင် ဒေသခံတောင်သူအချို့ကမူ အဆိုပါတကွင်းတစပ်တည်း လယ်ယာမြေ ညှိယူသည့်စနစ်ကို မကြိုက်ကြောင်း မဇ္ဈိမသို့ ပြောသည်။

နေပြည်တော်ရှိ ရှစ်မြို့နယ်တွင် ပါဝင်သည့် ဒကိ္ခဏသီရိမြို့နယ် ရွာမကျေးရွာအုပ်စုနေ တောင်သူဦးဇော် ဇော်က “တစ်ကွက်တစ်စပ်တည်း လယ်ယာစနစ်ဟာ တောင်သူတွေရဲ့ လယ်တွေအားလုံး စုပြီး ဖြေရှင်း ပြီးတဲ့အခါ ကုန်ထုတ်လမ်း (ကားလမ်း)တွေ၊ ရေမြောင်းတွေအတွက် မြေတွေဆုံးရှုံးသွားတော့ အရင် ၁၀ ဧကရှိတဲ့သူက ၉ ဒသမ ၅ ဧကလောက်ပဲ။ တချို့နေရာတွေဆိုရင် ၉ ဒသမ ၄ ဧကပဲ ပြန်ရကြတယ်။မြေ ညှိပေးတယ်ဆိုတာလည်း မညီတဲ့အတွက် ကိုယ့်စရိတ်နဲ့ကိုယ် ပြန်ပြင်ရတယ်။ ကျွန်တော့်လယ်ဧကအ တွက် မြေညှိစရိတ် ၃၇၀,၀၀၀ လောက် ကုန်သွားတယ်”ဟု ပြောသည်။

အခြားရွာသားတချို့ကလည်း လက်တွေ့အခက်အခဲများကို ရှင်းလင်း ပြောကြားပြီး တစ်ကွက်တစ်စပ် တည်း လယ်ယာစနစ်ကို မနှစ်သက်ကြောင်း ပြောသည်။

ယမန်နှစ်က “တောင်သူလယ်သမားတွေ ကြွေးကျေအောင်လို့ ထမင်းတစ်နပ် လျှော့စားကြဟု ပြောခဲ့ သော ၀န်ကြီးဦးမြင့်လှိုင်သည် နေပြည်တော် လယ်သမားတို့ဘ၀အား တစ်ကွင်းတစ်စပ်တည်း လယ်ယာ စနစ်ဖြင့် အမှန်တကယ် မြှင့်တင်နိုင်ပါ့မလား ဒေသခံတို့က သံသယရှိနေသည်။

Mizzima Burmese