လက်ပြတ်ကို ခြေထောက်တွင် တွဲဆက်ပေးထားပြီးမှ မူလနေရာတွင် အောင်မြင်စွာ ပြန်ဆက်ပေးနိုင်ခဲ့ (အသည်းငယ်သူများ မကြည့်ရ)

ပို့စ်တင်ချိန် - 12/18/2013 06:06:00 PM



အလုပ်ခွင် မတော်တဆမှု တစ်ခုကြောင့် ပြတ်သွားသော လက်ကို ဆရာဝန်များက ခြေကျင်းဝတ်တွင် တွဲဆက်ထားပေးခြင်းဖြင့် တစ်လမျှကြာအောင် အပျက်အစီး မရှိစေဘဲ ထိန်းသိမ်းထားခဲ့

 တရုတ်နိုင်ငံမှ ဆရာဝန်များသည် လူတစ်ဦး ပြတ်သွားသော လက်ကို သွေးလှုပ်ရှား လည်ပတ်မှု ဆက်လက် တည်မြဲစေရန်အတွက် ခြေထောက်တွင် တွယ်စပ်ထားပေးပြီးမှ အောင်မြင်စွာ ပြန်လည်၍ ဆက်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။ ရှီယိုဝီ၏လက်သည် မတော်တဆမှု တစ်ခုကြောင့် လက်ကောက်ဝတ်မှနေ၍ ဆိုးရွားစွာ ပြတ်တောက်သွားခဲ့သည်။ အလုပ်ခွင် မတော်တဆမှု တစ်ခုကြောင့် ပြတ်သွားသော လက်ကို ဆရာဝန်များက ခြေကျင်းဝတ်တွင် တွဲဆက်ထားပေးခြင်းဖြင့် တစ်လမျှကြာအောင် အပျက်အစီး မရှိစေဘဲ ထိန်းသိမ်းထားခဲ့သည်။ ထို့နောက်တွင်မူ စက်ကိရိယာ တစ်ခုဖြင့် ထိခိုက်မိပြီး ပြတ်သွားသည့် ရှီယို၏ လက်ကို မူလနေရာတွင် အောင်မြင်စွာ ပြန်လည် တပ်ဆင်ပေးနိုင်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ရှီယိုသည် နိုဝင်ဘာလ (၁၀)ရက်နေ့က အလုပ်ခွင်တွင် မတော်တဆ ထိခိုက်ပြီး လက်ပြတ်သွားခြင်း ဖြစ်သည်။ "ကျွန်တော် အရမ်းတုန်လှုပ်ပြီး နေရာမှာတင် မလှုပ်မယှက်နိုင် ဖြစ်သွားတယ်။ အဲဒါကို လုပ်ဖော်ကိုင်ဖက် တစ်ယောက်က စက်ကို အမြန်ပိတ်ပြီး လက်ကို ကောက်ယူခဲ့တယ်။ ပြီးတော့ ကျွန်တော့်ကို ဆေးရုံပို့ပေးခဲ့တယ်"ဟု ရှင်းပြခဲ့သည်။ ချန်ဒီရှိ ဆေးရုံတစ်ခုသို့ လက်ပြတ်နှင့် ရှီယိုတို့ အလျင်အမြန် ရောက်ရှိသွားသော်လည်း အဆိုပါ တိုက်နယ်ဆေးရုံမှ ဆရာဝန်များက ရှီယို၏လက်ကို ပြန်ဆက်နိုင်စရာ မရှိတော့ဟု မှတ်ချက်ပြုခဲ့ကြသည်။

သို့သော်လည်း ထိုမှတစ်ဆင့် ပိုမိုကြီးမားသော ဒေသဆိုင်ရာ ဆေးရုံတစ်ခုသို့ တင်ပို့ရန် ဆရာဝန်များက အကြံပေးလာကြသည်။ ထို့ကြောင့်လည်း ချန်ရှာရှိ ဆေးရုံသို့ (၂)နာရီကြာ ကားမောင်းပြီး ရှီယိုကို ပို့ဆောင်ခဲ့ကြသည်။ ထိုဆေးရုံတွင်မူ ခွဲစိတ်ဆရာဝန်များက မျှော်လင့်ချက်ရှိကြောင်း ပြောဆိုခဲ့သော်လည်း ချက်ချင်းခွဲစိတ်မှု ပြုလုပ်ပြီး ပြန်လည်တပ်ဆင်၍ မရနိုင်ကြောင်း ရှင်းပြခဲ့သည်။ ထို့ကြောင့်လည်း သင့်တင့်သည့် အချိန်မရောက်မီ အဆိုပါလက်ကို မပျက်စီးသွားစေရန်အတွက် ရှီယို၏ ခြေထောက်တွင် ထည့်ချုပ်ကာ တပ်ဆင်ထားခဲ့သည်။ တစ်လမျှ အကြာတွင်မူ ရှီယို၏ လက်ကောက်ဝတ် အခြေအနေသည် ခွဲစိတ်မှုအတွက် ခံနိုင်ရည်ရှိသော အနေအထားမျိုး ပြန်ရောက်လာပြီးနောက် ခြေကျင်းဝတ်မှ လက်ကို ပြန်လည်ဖြုတ်ယူကာ မူလနေရာတွင် အောင်မြင်စွာ တပ်ဆင်တွယ်ဆက်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network