အမျိုးသား ကျန်းမာရေး အဆင့်မြှင့်တင်

ပို့စ်တင်ချိန် - 12/18/2013 09:30:00 AM

မြန်မာနိုင်ငံတွင် အရက် သောက်သုံးမှု ကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများ ၊ နှီးနွှယ်သော ရောဂါများ မြင့်တက် လာမှုများကို လူမှုဝန်းကျင် နှင့် ဆေးရုံတို့တွင် တွေ့မြင် နေကြရသည်။ ထို့အပြင် အရက်နှင့် ၄င်း၏ ဆိုးကျိုး များကြောင့် ဆင်းရဲခြင်း နှင့် အမျိုးသား အကျိုးစီးပွား ထိခိုက်ခြင်း တို့သည် တိုင်းပြည် နှင့် လူမျိုးအတွက် ဖြစ်သည်ကို သတိပြု စေချင် ပေသည်။

အရက်ကြောင့် ဖြစ်သော ရာဇ၀တ်မှုများ ၊ ကိုယ်ကျင့် တရား ဖောက်ပြန်မှုများ ၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ စသည်တို့မှာ များပြား လှသည်။ ထို့ပြင် အရက်ကြောင့် အသည်း ခြောက်ခြင်း နှင့် အသည်းကင်ဆာ ကဲ့သို့သော ရောဂါများကို ဖြစ်ပွား စေနိုင်ပါသည်။

ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် အရက်ကြောင့် ဖြစ်သော ဆိုးကျိုးများ လျော့နည်းစေရန် မူဝါဒများ ချမှတ် ထားသော်လည်း သောက်သုံးသူ များ ၊ ထုတ်လုပ် သူများ ၊ ရောင်းချသူများ က မသိ ကျိုးကျွန် လုပ်ပြီး မိမိတို့ အကျိုး ဖြစ်ထွန်းရေး ကိုသာ အဓိကထား လုပ်ဆောင် နေကြသည်ကို တွေ့နေရ ပေသည်။

ရောင်းဝယ်သူများ အတွက် လွယ်ကူ တွင်ကျယ် စီးပွားဖြစ် သလောက် သောက်သုံးသူများ အတွက်လည်း ယဉ်ကျေးမှု သဖွယ် တစ်နေ့ တခြား များပြား လာသည်။ ထို့ကြောင့် အရက်ဆိုးကျိုး အန္တရာယ်ကို အသိပေးရုံ ၊ မူဝါဒများ ချမှတ် ပေးရုံဖြင့် ကာကွယ် နိုင်မည် မဟုတ်ပေ။

အရက်၏ ဆိုးကျိုး များကြောင့် ကျန်းမာရေး ၊ လူမှုရေး နှင့် မိသားစု ပြဿနာများ များပြားလာပြီး အသက် အန္တရာယ်ကို ခြိမ်းခြောက် လာသော ရောဂါများ စာရင်းတွင် မြန်မာ နိုင်ငံသည် တတိယ နေရာတွင် ယူထားကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ဆိုထားသည်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ စစ်တမ်း များတွင်လည်း အရက်ကြောင့် နှစ်စဉ် လူဦးရေ ၂ ဒသမ ၅ သန်း သေဆုံးလျက် ရှိသည်ဟု ဆိုထားသည်။

ယခုအခါ အရက်ကြောင့် ဖြစ်ပေါ် လာသော ဆိုးကျိုး နှင့် အရက် သောက်သုံးမှု လျော့နည်းရေး အတွက် ဆောင်ရွက် ဖွယ်ရာများကို နည်းလမ်း များစွာ ရှာဖွေ ဖော်ထုတ် လုပ်ကိုင် ကြမည်ဟု ကြားသိရသည်။

သို့ဖြစ်ရာ အရက်ကြောင့် ဖြစ်သော ဆိုးကျိုးများ လျော့နည်းအောင် မူဝါဒများ ချမှတ်ခြင်း ၊ လုပ်ဆောင်ချက် များကို ရှာဖွေ၍ ထိထိ ရောက်ရောက် အလေးထား ဆောင်ရွက် ကြခြင်းဖြင့် နိုင်ငံ အတွက် သာမက အမျိုးသား ကျန်းမာရေး အဆင့်အတန်း မြင့်မား လာမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။

( ၁၇-၁၂-၂၀၁၃ ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

‪Themyawadydaily‬