တရုတ်ပိုက်လိုင်းလျော်ကြေး ငဖဲဒေသခံတို့မရသေး

ပို့စ်တင်ချိန် - 12/18/2013 08:30:00 AM


တရုတ်ပြည်နှင့်ချိတ်ထားသည့်  ဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းသွားရာ မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ဂုတ်စီးကျေးရွာတွင် မြေသိမ်းခံရသော ဒေသခံ ၁၄၈ ဦးသည် ယခုအချိန် အထိ လျော်ကြေးငွေ မရရှိသေးကြောင်း ပဒေသာမိုး အရပ်ဖက် အဖွဲ့အစည်း၏ သုတေသနပြုချက်အရ သိရသည်။

 ကျောက်ဖြူမြို့ ကျောက်တလုံးကမ်းခြေမှ အစပြုသည့် ဤဓာတ်ငွေ့ပိုက်လိုင်းက  မလကျွန်းရှိ ဂက်စ်သန့်စင် စက်ရုံသို့ သွားရောက်ချိတ်ဆက်မည်ဖြစ်သည်  (ဓာတ်ပုံ – ကိုစိုး / ဧရာဝတီ)
ငဖဲမြို့နယ် ဂုတ်စီး ကျေးရွာတွင် နေထိုင်သော ဦးလွှီဟန်က ၎င်းပိုင်ဆိုင်သော လယ် ၃ ဧကအတွက် ယခုချိန်ထိ လျော်ကြေးမရရှိသေးကြောင်း ဧရာဝတီသို့ ပြောသည်။

 “ကျွန်တော် အစိုးရကို ပြောချင်တာက ကျွန်တော်တို့ တကယ့် နစ်နာခဲ့တယ်၊ ကျွန်တော်တို့မှာ မြေလျော်ကြေး မပြောနဲ့ အပင် လျော်ကြေးတောင် မရခဲ့ဘူး၊လျော်ကြေး မရတဲ့သူ ကျွန်တော် အပါအ၀င် ၁၄၈ ယောက်ရှိတယ် ” ဟု ဦးလွှီဟန်က ဆိုသည်။

တရုတ်ပြည်သို့သွားမည့် ဓာတ်ငွေ့ ပိုက်လိုင်း   ဖြတ်သန်းရာ တလျှောက်ရှိ ရှမ်းပြည်နယ်  သီပေါမြို့၊ မကွေးတိုင်း  ငဖဲမြို့တို့တွင် အဆိုပါ စီမံကိန်း ပြီးစီး၍ ဒေသခံအချို့ကို မြေများ ပြန်လည် ပေးအပ် ခဲ့သော်လည်း ယင်းမြေများသည် ကျောက်စရစ်မြေများ ဖြစ်နေသဖြင့် ပြန်လည် စိုက်ပျိုး၍ မရကြောင်း၊ ပိုက်လိုင်း ပေါ်တွင် နေထိုင်ရသူတို့ လုံခြုံမှု မရှိကြောင်းကို ဒေသခံများအား စစ်တမ်း ကောက်ယူရာမှ သိရှိရကြောင်း ပဒေသာမိုး အရပ်ဖက် အဖွဲ့အစည်းမှ ဦးသန့်ဇင်က ပြောသည်။

“မြေတူးစက်တွေနဲ့ လယ်တွေကို တူးဖော်သွားတာ အနက်က အနည်းဆုံး ခြောက်ပေလောက် ရှိတယ်။ မြေဆီဩဇာ ရှိတာက တစ်ပေဝန်းကျင်လောက်ပဲ ရှိတာ သူတို့မြေတွေကိုပြန်ဖို့ ပေးတော့လည်း ကျောက်စရစ်တွေ ဖြစ်နေတာကို တွေ့ရတယ်”  ဟု ၎င်းက ပြောသည်။

 မြန်မာနိုင်ငံတွင် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းပြီးလျှင် ရွှေ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းသည် ဒုတိယ အရေးပါသော စီမံကိန်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ အရေးပါသော အကြောင်းအရာကို ပြည်သူများကို ကြိုတင်အသိပေးခြင်း မရှိဘဲ၊ မြေတူးစက်ဖြင့် လာရောက်တူးမှသာ ဒေသခံများ သိရှိရကြောင်း ပဒေသာမိုး အရပ်ဖက် အဖွဲ့အစည်းမှ ရှေ့နေ ဦးဟန်ရှင်ဝင်းက ပြောသည်။

ရွှေ သဘာဝဓာတ်ငွေ့ စီမံကိန်းကြောင့် လူ့အခွင့်ရေး ချိုးဖောက်မှု အကျိုးသက်ရောက်မှုများ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ နစ်နာမှုများကို အစိုးရ သိရှိရန် လိုကြောင်း၊ သုတေသန တွေ့ရှိချက်များကို  သမ္မရုံးသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ဦးသန့်ဇင်က ပြောသည်။

သဘာဓာတ်ငွေ့ကို ပြီးခဲ့သည့် မေလက စတင်ပြီး တရုတ် နိုင်ငံသို့ ပို့လွှတ်နေပြီ ဖြစ်ကြောင်း ဂက်စ်ပိုက်လိုင်း စီမံကိန်းကို ဦးဆောင် တည်ဆောက်နေသည့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (China National Petroleum Corporation – CNPC) ကုမ္ပဏီက အသိပေး ပြောဆိုခဲ့သည်။

ပိုက်လိုင်းသည် ရခိုင်ပြည်နယ်မှ တဆင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် တို့ကို ဖြတ်သန်း၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ အဆုံးသတ်မည် ဖြစ်သည်။

ရွှေသဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းသည် မြန်မာအစိုးရမှ တရုတ်အစိုးရသို့ အနှစ် ၃၀ ဓာတ်ငွေ့ ရောင်းချခဲ့ခြင်း ဖြစ်ပြီး ခန့်မှန်းခြေ ဒေါ်လာ ၂၉ ဘီလီယံ ရရှိထားကြောင်း သိရသည်။
  သဇင်ငြိမ်း
ဧရာဝတီ သတင်း