မနှစ်မြို့သည့် လူတစ်ယောက်၏ စရိုက်ကို သရုပ်ဆောင်ထားဟု J Me ဆို

ပို့စ်တင်ချိန် - 12/18/2013 06:12:00 PM


ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ဟစ်ဟော့ပ်ဂီတကို ကြိုက်နှစ်သက်တဲ့ လူငယ် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ တေးသံရှင် J Me က ဒါရိုက်တာဏကြီး ရိုက်ကူးပြီး မကြာမီ ရုံတင်ပြသမယ့် ဘယ်ကလာလဲ၊ ဘာလုပ်နေလဲ၊ ဘယ်ကိုသွားမှာလဲဆိုတဲ့ ဒီဗီဒီ ဇာတ်ကားမှာ ကိုယ်တိုင် မနှစ်မြို့တဲ့ လူတစ်ယောက်ရဲ့စရိုက်မျိုးကို သရုပ်ဆောင်ထားပါတယ်လို့ The Voice ကိုပြောပါတယ်။

အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး “ကိုဏကြီးက ကျွန်တော်နဲ့ ဒီဇာတ်ကားထဲက ဇာတ်ကောင်နဲ့ လိုက်တယ်ဆိုပြီး ပါဝင်ဖို့ ကမ်းလှမ်းတယ်။ အမှန်တော့ ဒီထဲက ဇာတ်ကောင်က အပြင်မှာဆို ကျွန်တော်နဲ့ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်တဲ့ပုံစံမျိုး။ ဒီဇာတ်ကားက ပရိသတ်တွေ ကြည့်ဖူးနေကျ ဇာတ်လမ်းတွေနဲ့ လုံးဝမတူဘူး။ အရမ်းမိုက်တယ်။ ကျွန်တော်နဲ့တွဲပြီး သရုပ်ဆောင်ရတဲ့ သူတွေကလည်း အရမ်းကို တော်ကြတယ်။ ဇာတ်လမ်း ကြိုပြောရင် ကြည့်ရတာ ပေါ့သွားလိမ့်မယ်။ ရုံတင်တဲ့အခါ ပရိသတ်တွေသွားကြည့်ရင် သိပါလိမ့်မယ်” လို့ J Me က ပြောပါတယ်။

သရုပ်ဆောင် အလုပ်က ဂီတလောကထက်စာရင် ပိုသည်းခံရကြောင်း၊ ဇာတ်ကားကို နေပြည်တော် အမြန်လမ်းမကြီးမှာ သွားရိုက်စဉ်က အနီးအနားရွာက ပရိသတ်အချို့ လာရောက် ကြည့်ရှုပြီး သရုပ်ဆောင်အချို့ကို မကြားတကြားနဲ့ ဆဲဆိုခဲ့မှုတွေကို ကြုံခဲ့ရကြောင်း၊ အနုပညာရှင်ကို မနှစ်သက်ပါက ရိုက်ကွင်းကို လာရောက် မကြည့်ရှုဖို့ ပြောချင်ပေမယ့် ကိုယ့်ကြောင့် ရိုက်ကွင်း ပျက်သွားမှာကို စိုးတဲ့အတွက် သည်းခံခဲ့ရကြောင်း၊ အစပိုင်းမှာတော့ ယခုလို ဖြစ်ရပ်မျိုးကို မကြုံဖူးတာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပေမယ့် ယခုအခါ အတွေ့အကြုံ ရသွားပြီ ဖြစ်တဲ့အတွက် နောက်ပိုင်းမှာ ဒီလို ဖြစ်ရပ်မျိုး ကြုံတွေ့လာရင်တော့ ပိုပြီး ခံနိုင်ရည်ရှိလာမည်ဟု ထင်ကြောင်း J Me က ထပ်လောင်း ပြောကြားပါတယ်။

ဘယ်ကလာလဲ၊ ဘာလုပ်နေလဲ၊ ဘယ်ကိုသွားမှာလဲ ဒီဗီဒီဇာတ်ကားကို ဒါရိုက်တာဏကြီးက ရိုက်ကူးထားပြီး သရုပ်ဆောင်ရဲတိုက်၊ J Me၊ ဖွေးဖွေး၊ မေသန်းနု၊ ငြိမ်းချမ်းဆု၊ ဇော်ဇော်အောင်၊ သီဟဖြိုးတို့က ပါဝင်သရုပ်ဆောင် ထားပါတယ်။

The Voice Weekly Myanmar