အင်ဒိုနီးရှားနှင့်ပွဲ မတိုင်မီ အစည်းအဝေး၌ ပတ်ဆောင်ဟွာက အင်ဒိုနီးရှားကို ရှုံးနိမ့်၍ မရဟု ပြောကြားခဲ့ကြောင်း မြန်မာအသင်းအုပ်ချုပ်သူ ဦးစိုးမိုး ပြောကြား

ပို့စ်တင်ချိန် - 12/18/2013 10:01:00 AM



မြန်မာယူ-၂၃ အသင်း၏ အုပ်ချုပ်သူ ဦးစိုးမိုးက တောင်ကိုရီးယားလူမျိုး ပတ်ဆောင်ဟွာ အနေဖြင့် အုပ်စုအဆင့်၌ Head to Head စည်းမျဉ်းဖြင့် ဆုံးဖြတ်မည်ကို မသိရှိခဲ့ဟု ပြောကြားခြင်းမှာ မှန်ကန်မှုမရှိဘဲ ယင်းပွဲမတိုင်မီ ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ ၎င်းကိုယ်တိုင်က အင်ဒိုနီးရှားကို ရှုံးနိမ့်၍မရကြောင်း သတိပေးခဲ့သည်ဟု ပြောကြားသည်။

မြန်မာအသင်းမှာ အင်ဒိုနီးရှားနှင့် ကစားခဲ့သည့် အုပ်စုနောက်ဆုံးပွဲ မတိုင်မီ ခုနစ်မှတ် ရရှိထားပြီး ယင်းပွဲတွင် အနိမ့်ဆုံး သရေရလဒ် ရရှိပါက ဆီမီးဖိုင်နယ် တက်ရောက်နိုင်မည် ဖြစ်သော်လည်း (၁-၀) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ ယင်းပွဲအပြီး ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာအသင်းနည်းပြချုပ် ပတ်ဆောင်ဟွာက မိမိအနေဖြင့် ပွဲပြီးဆုံးအချိန်အထိ Head to Head စည်းမျဉ်းဖြင့် ဆုံးဖြတ်မည်ကို မသိရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ပတ်ဆောင်ဟွာ၏ ပြောကြားမှုကြောင့် မီဒီယာများနှင့် ပရိသတ်များအကြား ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့သည်။ ယင်းပြောကြားချက်နှင့် ပတ်သက်၍ The Daily Eleven သတင်းစာက မြန်မာယူ-၂၃ အသင်းအုပ်ချုပ်သူ ဦးစိုးမိုးအား ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက "ကိုယ်တို့က Team Manager အစည်းအဝေး တက်ပြီးတော့ အစ်ကိုတို့ တက်လာတဲ့ဟာတွေကို အင်္ဂလိပ်လိုပဲ ရှင်းတာလေ။ အင်္ဂလိပ်လိုက ကိုယ်တို့မတတ်စရာ နားမလည်စရာမှ မရှိတာ။ Regulation ကလည်း အင်္ဂလိပ်လို ရေးလိုက်တာ အစ်ကိုတို့ လက်ထောက်နည်းပြတွေ လုပ်နေတဲ့ ဦးတင်မြင့်အောင်၊ ဦးဇော်ဝင်းထွန်း၊ ဦးမျိုးချစ်တို့ အားလုံးကလည်း အင်္ဂလိပ်လို တတ်တယ်။ ကိုယ်တို့မန်နေဂျာတွေကလည်း အင်္ဂလိပ်လို တတ်တယ်။ ကိုယ်တို့က မန်နေဂျာ အစည်းအဝေး ပြန်လာကတည်းက အဲဒီလို Head To Head လို့တော့ မပြောဖြစ်ဘူး။ Teams Concerned လို့ ပြောဖြစ်တယ်။ အမှတ်တူသွားရင် အုပ်စုမှာ နှစ်သင်းက အမှတ်တူနေရင် အပေါ်တက်ဖို့ Tie ဖြစ်လာရင် အဲဒီနှစ်သင်းရဲ့ ရလဒ်ကို အဓိက ထားယူမယ်ပေါ့။ ဒါဟာဘောလုံးရဲ့ စကားနဲ့ပြောရင် Head To Head ပဲ။ Teams Concerned။ ကိုယ်တို့ အင်ဒိုနီးရှားနဲ့ မကန်ခင် အင်ဒိုနီးရှားက လေးမှတ်၊ အင်ဒိုနီးရှားက ကိုယ်တို့ကို တက်နိုင်ရင် အင်ဒိုနီးရှားက ခုနစ်မှတ်စီ တူသွားရင် ခုနစ်မှတ် ခုနစ်မှတ်ဆိုရင် Teams Concerned ဖြစ်သွားတယ်။ ဒီနှစ်သင်းနဲ့ပဲ ကြည့်ရမှာ။ နောက်ပိုပြီးသေချာတာက ထိုင်းနဲ့ပွဲအပြီးမှာ ဥက္ကဋ္ဌက ထပ်မေးတယ်။ သေချာအောင်၊ မေးတဲ့အချိန်မှာ ကိုယ်တို့ Match Commissioner ကိုထပ်ပြီး တိကျအောင်မေးတယ်။ အစ်ကိုတို့ ထပ်မေးတဲ့အချိန်မှာ MC ကလည်း အဲဒီလိုပဲ ရှင်းပြတယ်။ ရှင်းပြတော့ အစ်ကိုကိုတင်မြင့်အောင်တို့ကိုလည်း ထပ်မေးတယ်။ သူတို့လည်း သိပြီးသား။ အဲဒါကိုလည်း သူတို့နေ့စဉ် လုပ်နေတဲ့ Team Meeting မှာ ပြောပြတယ်။ စကားပြန်လည်း သိတယ်။ လက်ထောက်ကိုရီးယား နည်းပြတွေလည်း သိတယ်။ ကစားသမားတွေ အားလုံးလည်း သိတယ်၊။ သူကိုယ်တိုင် မသိဘူးဆိုတော့ အဲဒါစဉ်းစားကြည့်။ ပွဲရှိတဲ့နေ့က ပွဲမစခင် Team Meeting လုပ်တယ်။ အဲဒီမှာ သူကိုယ်တိုင်ပြောတာ။ အင်ဒိုနီးရှားကို ညံ့တယ်မထင်နဲ့။ ရှေ့ပွဲတွေမှာ အင်ဒိုနီးရှားက မကောင်းပေမယ့် တစ်ဦးချင်းပိုင်းမှာ ငါတို့ထက် Skill ကောင်းတဲ့သူတွေ ပါတယ်။ အဲဒီမှာ ငါတို့က ပေါ့လို့မရဘူး။ သူတို့ကလည်း ရှုံးရင်ထွက်ရမယ်။ နိုင်ရင်တက်ရမယ်ဆိုတော့ Do or Die ကစားမယ်။ ငါတို့ပေါ့လို့ မရဘူး။ ငါတို့သရေမျှောပြီး ကစားလို့ မရဘူးလို့ ပြောခဲ့တယ်။ ငါတို့ ထွက်ရမယ်ဆိုတာ ပြောတယ်။ မသိဘဲနဲ့ ဒီလိုစကားမျိုး ဘယ်လိုပြောမလဲ" ဟု ပြောကြားခဲ့သည်။

ထို့ပြင် ယင်းပွဲစဉ်၌ မြန်မာအသင်း၏ အားထားရသော တိုက်စစ်မှူး ကျော်ကိုကို ပွဲထွက်ကစားသမား စာရင်းတွင် မပါဝင်ခဲ့ခြင်းမှာလည်း ပွဲမတိုင်မီ Team Meeting ၌ ကျော်ကိုကိုက ၎င်းအားခံစစ်တွင် ဆင်းကစားရန် မှာကြားသည့် နည်းစနစ်ပိုင်းနှင့် ပတ်သက်၍ Duty Function အား ပြန်လည်ရှင်းလင်းပေးရန် ပြောဆိုခဲ့ရာ ပတ်ဆောင်ဟွာက ဒေါသတကြီး တုံ့ပြန်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးသို့ ဘောလုံးအသင်း အောင်နိုင်ရေးဥက္ကဋ္ဌ ဦးအောင်မိုးကျော်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ မူလက ကျော်ကိုကိုအား ပွဲထွက်ကစားသမား စာရင်း၌ ထည့်သွင်းထားကြောင်း၊ အဆိုပါ လူစာရင်းအား အသင်းအုပ်ချုပ်သူ ဦးစိုးမိုးမှ လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း ဦးစိုးမိုး၏ ပြောကြားချက်အရ သိရသည်။ သို့သော် အဆိုပါကိစ္စ ဖြစ်ပွားပြီးနောက် ပတ်ဆောင်ဟွာက ကျော်ကိုကိုအား ပွဲထွက်လူစာရင်းမှ ချန်လှပ်ခဲ့ခြင်းဖြစ်ကြောင်း ဦးစိုးမိုးက ပြောကြားခဲ့သည်။

ကျော်ကိုကိုနှင့် ပတ်ဆောင်ဟွာတို့ ပြဿနာ ဖြစ်ပွားခဲ့သည့်အပေါ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ၀င်ရောက်ဖျန်ဖြေကာ ပွဲမတိုင်မီ၌ ကျော်ကိုကိုအား ပတ်ဆောင်ဟွာကို ပြန်လည်ကန်တော့၍ တောင်းပန်စေခဲ့ကြောင်းလည်း သိရသည်။ ထို့ကြောင့် ကျော်ကိုကိုမှာ ဒုတိယပိုင်းတွင် လူစားလဲကစားခွင့် ရရှိခဲ့သော်လည်း ၎င်းနှင့်တွဲဖက် ကစားလေ့ရှိသည့် ကျော်ဇေယျာဝင်းနှင့် လူစားလဲခဲ့ခြင်း ဖြစ်သည်။

eleven media group