တစ်နေ့ချင်း သို့မဟုတ် တစ်လချင်း ငွေသွင်းစနစ်များဖြင့် အဆင့်မြင့်အိမ်ရာ ဝယ်ယူနိုင်တော့မည်

ပို့စ်တင်ချိန် - 12/18/2013 09:28:00 AM

ရန်ကုန် ဒီဇင်ဘာ ၁၇

ဘဏ်အတိုးနှုန်း ပေးသွင်းရန်မလို၊ အပေါင်ပစ္စည်း ထားရှိရန်မလိုဘဲ တစ်နေ့ချင်း၊ တစ်လချင်း ငွေသွင်းစနစ် အရစ်ကျ ငွေပေးချေမှု စနစ်များဖြင့် အဆင့်မြင့်အိမ်ရာ ဝယ်ယူနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆင့်မြင့်အိမ်ရာမှာ ရန်ကုန်တိုင်း ဒေသကြီး မြောက်ဒဂုံမြို့နယ် (၂၉) ရပ်ကွက် မဟာဗန္ဓုလ လမ်းမကြီး အနီးရှိ နွယ်သာကီ အဆင့်မြင့်အိမ်ရာ ဖြစ်ပြီး ရောင်းချမည့် ဈေးနှုန်းများမှာ မြေညီထပ် ငွေကျပ် ၄၅၅ သိန်း၊ ပထမအလွှာ ငွေကျပ် ၂၂၅ သိန်း၊ ဒုတိယအလွှာ ငွေကျပ် ၂၁၅ သိန်း၊ တတိယအလွှာ ငွေကျပ် ၁၈၅ သိန်းနှင့် ငါးလွှာ ငွေကျပ် ၁၂၅ သိန်းတို့ ဖြစ်ကြောင်း Three Friends ဆောက်လုပ်ရေး ကုမ္ပဏီမှ သိရသည်။

အဆိုပါ အိမ်ရာတွင် တိုက်ခန်း အရေအတွက် အခန်း ၂၄ဝ ကို ရောင်းချသွားမည် ဖြစ်ကြောင်း ဆောက်လုပ်မှု ဖောင်ဒေးရှင်းမှာ Pile Foundation ဖြစ်ကြောင်း၊ ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုခန်း ပါရှိသည့် (Hall Type) ပုံစံဖြစ်ပြီး ဝယ်ယူသူများ အနေဖြင့် တစ်နေ့ချင်း ငွေသွင်းစနစ်၊ တစ်လချင်း ငွေသွင်းစနစ်၊ အရစ်ကျငွေပေး ချေမှုစနစ်များဖြင့် ဝယ်ယူနိုင်မည် ဖြစ်ကာ စတင် ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

ဝယ်ယူလိုသူများ အနေဖြင့် Three Friends ဆောက်လုပ်ရေးမှ လျှောက်လွှာများတွင် ဖြည့်သွင်း၍ လျှောက်လွှာများကို တင်ထားရမည် ဖြစ်ပြီး လျှောက်လွှာပါ အချက်အလက်များကို ကြည့်ပြီး အမှန်တကယ် အိုးအိမ်အပိုင် မရှိသေးသူများကိုသာ စိစစ် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

''တစ်လချင်း ငွေသွင်းစနစ်က ဝယ်ဖို့ စာချုပ်ချုပ်တဲ့ အချိန်ကနေ သုံးလတိတိ ဝယ်မယ့်အခန်းရဲ့ တန်ဖိုး ၁ဝ ရာခိုင်နှုန်းကို သွင်းရမယ်။ ပြီးရင် ကျန်တာကို ၁၈ လ သွင်းရမယ်။ တစ်နေ့ချင်း ငွေသွင်းစနစ်က လသွင်းနဲ့ အတူတူပဲ တစ်လသွင်းရမယ့် ငွေကို သုံးဆယ်နဲ့ စားပြီး တစ်ရက်ချင်း သွင်းရမှာ။ အရစ်ကျ ငွေသွင်းစနစ်မှာ ဝယ်ဖို့ စာချုပ်ချုပ်ရင် တန်ဖိုးရဲ့ ၃ဝ ရာခိုင်နှုန်းသွင်း၊ ဖောင်ဒေးရှင်း ချပြီးရင် ၂ဝ ရာခိုင်နှုန်းသွင်း၊ ကိုယ်နေမယ့် အခန်း ကြမ်းခင်းကွန်ကရစ် လောင်းပြီးရင် ၂၅ ရာခိုင်နှုန်းသွင်း၊ အမိုးမိုးပြီးရင် ၂ဝ ရာခိုင်နှုန်း သွင်း၊ လုပ်ငန်းအပ်ရင် ၅ ရာခိုင်နှုန်း သွင်းရမယ်'' ဟု Three Friends ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

တစ်နေ့ချင်း ငွေသွင်းစနစ်၊ တစ်လချင်း ငွေသွင်းစနစ်မှ ဝယ်ယူသည့် ဈေးနှုန်းမှာ အရစ်ကျ ငွေပေးချေမှု စနစ်ထက် ငွေကျပ်ငါးသိန်း ပိုများကြောင်း၊ ဝယ်ယူရာတွင် အတိုးနှုန်း ပေးသွင်းစရာ မလိုကြောင်း ဆောက်လုပ်မည့် အချိန်မှာ နှစ်နှစ်ကျော်ခန့် ကြာမြင့်မည်ဟု သိရသည်။

ထက်နေ

မြ၀တီ