မီးပုံးပျံမီးစာများ ပြုတ်ကျ၍ အင်းလေး ရေပေါ်ဘန်ဂလို ၁၈ လုံး မီးလောင်

ပို့စ်တင်ချိန် - 12/18/2013 01:35:00 PM

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

မြန်မာနိုင်ငံ၌ ကမ္ဘာလှည့် ခရီးသွား အများဆုံး သွားရောက် လည်ပတ်လေ့ရှိသော အင်းလေးဒေသရှိ ခေါင်တိုင် ကျေးရွာတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၉ နာရီ ဝန်းကျင်က မီးပုံးပျံမှ မီးစာပြုတ်ကျ၍ ရေပေါ်ဘန်ဂလို ၁၈ လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော ဟိုတယ်မှာ အင်းလေး အနောက်ဘက်ကမ်းရှိ ဟိုပင်ဟိုတယ် ဖြစ်ပြီး ရေပေါ်ဘန်ဂလို ၁၈ လုံး မီးလောင်ကျွမ်း ခဲ့သော်လည်း ဘန်ဂလိုများတွင် တည်းခိုနေသည့် နိုင်ငံခြားသား ဧည့်သည် စုစုပေါင်း ၃၀ ဦးကို ထိခိုက်ဒဏ်ရာ မရှိဘဲ မီးလွတ်ရာသို့ ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ အပျက်အစီး ဆုံးရှုံးမှုတန်ဖိုး မည်မျှ ရှိသည်ကို မတွက်ရသေးကြောင်း ဟိုပင် ဟိုတယ် တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဧည့်သည် ၃၀ ဦးသည် ယနေ့တွင်ပင် ဟိုတယ်မှ အခန်းအပ် ထွက်ခွာသွားပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။

မီးလောင်မှု ဖြစ်ရခြင်းသည် အနီးနားရွာဖြစ်သည့် သဲကုန်းရွာ ဂြိုဟ်ရှစ်လုံး ဘုရားပွဲမှ လွှတ်တင်လိုက်သည့် မီးပုံးပျံ မီးစာများမှာ သက်ငယ်မိုး ထရံကာ ဘန်ဂလိုများပေါ် ပြုတ်ကျသောကြောင့် မီးစွဲလောင်မှု မြန်ဆန်ကြောင်းနှင့် သဘာဝ ဘေးအန္တရာယ် ဖြစ်သောကြောင့် အမှုဖွင့်ထားခြင်း မရှိကြောင်း ညောင်ရွှေမြို့နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အင်းလေးဒေသတွင် ဟိုတယ် ၄၂ လုံးရှိပြီး အခန်းပေါင်း ၁၁၄၀ ခန့် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly Myanmar