ကျူးပြဿနာကို အစိုးရ၏စီမံခန့်ခွဲမှု အလုပ်မဖြစ်သေး

ပို့စ်တင်ချိန် - 12/18/2013 09:15:00 PM


သမ္မတဦးသိန်းစိန်အစိုးရလက်ထက် လယ်ယာမြေသိမ်းဆည်းမှုများကြောင့် ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသည့် ဆန္ဒထုတ်ဖော်တောင်းဆိုမှုများ၊ သပိတ်စခန်းဖွင့်တောင်းဆိုမှုများအကြား ဒေသခံအာဏာပိုင်၊ မူလနေထိုင်သူနှင့် ကျူးကျော်သူတို့အကြား ပဋိပက္ခအသွင်ဆောင်သည့် ထိပ်တိုက်တွေ့ဆုံမှုများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည်။

ယင်းကဲ့သို့ ထိပ်တိုက်တွေ့ဆုံမှုများ၌ မြေလွတ်၊ မြေလပ် စီမံကိန်းမြေနေရာများတွင် အင်အားအလုံးအရင်းဖြင့် လာရောက်ကျူးကျော်နေထိုင်သူများနှင့် ဒေသခံအာဏာပိုင်များအကြား ပဋိပက္ခအသွင်ဆောင် ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်တွင် ကျူးကျော်ပြဿနာများကြောင့် အာဏာပိုင်နှင့် ထိပ်တိုက်တွေ့ဆုံမှု သုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ရသည်။

ရန်ကုန်မြို့၏ မြို့စွန်နေရာအချို့တွင် ဓနိမိုးသက်ငယ်ချပ်များ၊ ၀ါးလုံးများတင်ဆောင်လာသည့် အမည်မသိဒိုင်နာယာဉ်ကြီး၊ ယာဉ်ငယ်များ ညအချိန်၌ လာရောက်ပြီး မြေလွတ်၊ မြေလပ်များပေါ်တွင် နေရာချထားရာမှ ကျူးကျော်ပြဿနာများ စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ဒေသခံတစ်ဦးကဆိုသည်။

“လွတ်နေတဲ့မြေတွေပေါ်မှာ ၀ါးလုံးတွေ၊ ဓနိတွေကို ကားပေါ်ကနေ လာပစ်ချသွားတယ်။ ဘယ်ကမှန်းလဲမသိဘူး”ဟု ယင်းဒေသခံကဆိုသည်။

ယင်းကဲ့သို့ ကျူးကျော်တဲများ စတင်တဲထိုးပြီးနေကြသည့်ပြဿနာမှာ ၂၀၁၂ ခုနှစ်က ဒဂုံဆိပ်ကမ်းမြို့နယ်တွင် စတင်ဖြစ်ပွားခဲ့သည်။ အစိုးရက သရ၀ဏ်နှင့် ရတနာအိမ်ရာစီမံကိန်း ဆောက်လုပ်မည်ဆိုခြင်းကြောင့် ယင်းနေရာတွင် နေ့ချင်းညချင်း ကျူးကျော်တဲများ ရာနှင့်ချီရောက်ရှိလာခဲ့ကြသည်။

“အဲဒီတုန်းက မြေနေရာဦးပြီး တဲထိုးထားရင် အနည်းဆုံးတိုက်ခန်းတစ်ခန်းရမယ်ဆိုလို့ လာနေကြတာ”ဟု ဒဂုံဆိပ်ကမ်းမြို့နယ်မှ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ လွှတ်တော်ကိုယ်စားလှယ်ကဆိုသည်။

ယင်းပြဿနာကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက ခေါင်းနားပန်းကြီးစွာ ဖြေရှင်းခဲ့ရသည်။ ခါတော်မီကျူးကျော်တဲများတွင် နေထိုင်သူများ၊ မူလနေထိုင်သူများအကြား တရားမျှတမှုရှိစေရန် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် နေရာများပြန်လည်ချထားပေးခဲ့ရကြောင်း မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်မီမီဝင်းကပြောသည်။

ယင်းခါတော်မီကျူးကျော်တဲများတွင် နေထိုင်သူများမှာ အနည်းဆုံးရာကျော်ရှိပြီး မူလအမှန်တကယ်နေထိုင်သူများကို ပြန်လည်နေရာချထားပေးခဲ့ကြောင်း အထက်ပါညွှန်ကြားရေးမှူးကဆိုသည်။ ယင်းနယ်မြေတွင် တစ်ဖက်နှင့်တစ်ဖက် ဆိုးဆိုးရွားရွား ပဋိပက္ခတော့မဖြစ်ပွားခဲ့ပေ။

ကျူးကျော်တဲများဖြင့် လာရောက်နေထိုင်သူများနှင့် ဒေသခံအာဏာပိုင်တို့ အဓိကထိပ်တိုက်တွေ့ဆုံခဲ့ပြီး ပဋိပက္ခဖြစ်ပွားခဲ့သည့် နယ်မြေမှာ ၂၀၁၃ ဖေဖော်ဝါရီပထမပတ်က လှိုင်သာယာမြို့နယ် အမှတ်(၅)ရပ်ကွက် ပီမိုးနင်းလမ်းရှိ စီမံကိန်းမြေနေရာတွင် စတင်ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ယင်းနေရာကို ဖယ်ရှားရှင်းလင်းမှုတွင် လုံခြုံရေးရယူထားသော ရဲများနှင့် စည်ပင်ဝန်ထမ်းများကို ကျူးကျော်နေထိုင်သူများက ကိုယ်ထိလက်ရောက် ပြန်လည်တုံ့ပြန်မှုများဖြင့် နှစ်ဖက်ပဋိပက္ခဖြစ်ပွားသည့် အခြေအနေထိ ရောက်ခဲ့ရသည်။

ကျူးကျော်နေထိုင်သူအများစုမှာ နောက်ကွယ်က အားပေးအားမြှောက်ပြုလုပ်သူများရှိနေသဖြင့် ယင်းကဲ့သို့ အတင့်ရဲစွာ လုပ်ကိုင်နိုင်ခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီလက လှိုင်သာယာမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်ကို ရည်ရွယ်၍ လှိုင်သာယာမြို့နယ် အမှတ်(၅)ရပ်ကွက်တွင်နေထိုင်သူ အသက်(၄၀)အရွယ်ရှိ အမျိုးသားတစ်ဦးကသုံးသပ်သည်။

“အဲဒီတုန်းက ဥပေဒအရလုပ်မယ်ဆိုရင် တော်တော်အထိနာမယ်”ဟု လှိုင်သာယာမြို့နယ်အုပ်ချုပ်ရေးမှူးကပြောသည်။

ယင်းဖြစ်စဉ်ကိုကြည့်ခြင်းအားဖြင့် အစိုးရအနေဖြင့် ရန်ကုန်တွင် နေထိုင်စရိတ်ကြီးမြင့်လာမှုများကြောင့် အိုးမဲ့အိမ်မဲ့များအပေါ် ယနေ့အထိ နေထိုင်စရာမပေးနိုင်သေးသည်မှာ ပေါ်လွင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အငြိမ်းစားညွှန်ကြားရေးမှူး ဦးမြင့်စိုးကသုံးသပ်သည်။

“သူတို့ကိုနေဖို့ အစိုးရကပေးရမှာ ဒါဆိုရင် ဒီပြဿနာ ဖြစ်လာစရာမရှိဘူး”ဟု အထက်ပါညွှန်ကြားရေးမှူးက ဝေဖန်ပြောဆိုသည်။

ရန်ကုန်တွင် ရွှေ့ပြောင်းအခြေချနေထိုင်သူ များပြားလာခြင်းကြောင့် နေထိုင်မှုစရိတ်ကြီးမြင့်လာခြင်းဖြစ်ပြီး ယင်း၏အကျိုးဆက်မှာ အိုးမဲ့၊ အိမ်မဲ့ ကိန်းဂဏန်းများပြားလာကြောင်း ရန်ကုန်မြို့တော်ဖွံ့ဖြိုးမှုစီမံကိန်း၏ စစ်တမ်းများမှသိရသည်။

လက်ရှိအချိန်ထိ ရန်ကုန်မြို့ရှိ အိုးမဲ့အိမ်မဲ့စာရင်းကို တိတိကျကျ ကောက်ခံနိုင်ခြင်းလည်း မရှိသေးပေ။

“တဲဝင်ဆောက်ဖို့ ငွေတောင်မရှိလို့ တိုင်လေးတိုင်စိုက်ပြီး စောင်တွေကာနေရတဲ့ အိမ်တွေတောင်ရှိတယ်”ဟု လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်နေထိုင်သူ မိသားစုတစ်စုမှ လက်သမားအလုပ်လုပ်ကိုင်သူ အမျိုးသားတစ်ဦးက ၎င်းတို့၏အခက်အခဲကိုပြောသည်။

ရန်ကုန်တွင် ကျူးကျော်နေထိုင်သူအများစုမှာ ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် နေထိုင်သူအများစုဖြစ်ပြီး ရန်ကုန်တွင် နေ့စဉ်ကြုံရာကျပန်းအလုပ်များဖြင့် ရုန်းကန်နေထိုင်ကြရသည်။

မိသားစုတစ်စုလျှင် နေ့စဉ် ၀င်ငွေနှစ်ထောင်မှ ငါးထောင်ကြားရရှိသူများအတွက် အိမ်ငှားရမ်းနေထိုင်ရန်မှာ အိပ်မက်မျှသာဖြစ်ကြောင်း ကျူုးကျော်တဲများတွင်နေထိုင်သူများကပြောသည်။

“တချို့က အစ်မတို့ကျုးကျော်သမားတွေ အတင့်ရဲတယ်လို့ပြောကြတယ်။ အမှန်တော့ ကျူးကျော်တယ်ဆိုပြီး ခေါင်းစဉ်တပ်လာပြီး မြေနေရာလာဦးကြတဲ့သူတွေကြောင့် တကယ်ကျူးသမားတွေအတွက် ပိုခက်ခဲလာပြီ”ဟု လှိုင်သာယာအတွင်းပဒံအနီးမှ ကျူးကျော်တဲတွင်နေထိုင်သူ အမျိုးသမီးတစ်ဦးကဆိုသည်။

လက်ရှိအစိုးရဆောင်ရွက်နေသော အိမ်ရာစီမံကိန်းသစ်များတွင် ၀င်ငွေနည်းပြည်သူများကို အဓိကဦးစားပေးရောင်းချခြင်းများအပြင် လက်ရှိကျူးကျော်နေထိုင်သူများကို စာရင်းကောက်ယူပြီး ၎င်းတို့ခေတ္တနေထိုင်ရန် နေရာထိုင်ခင်းများကို မြို့ပြင်ရှိ မြေလွတ်မြေရိုင်းများတွင် အလွန်နှုန်းထားချိုသာသည့် တန်ဖိုးနည်းအငှားအိမ်ရာငယ်များကို တည်ဆောက်ပေးသင့်ကြောင်း၊ အလွန်သက်သာသည့်နှုန်းထားဖြင့် အစိုးရက တိုက်ရိုက်ငှားရမ်းခြင်း၊ ရောင်းချခြင်းများကို ပြုလုပ်ပေးသင့်ကြောင်း အထက်ပါညွှန်ကြားရေးမှူးကဆိုသည်။

“အဲဒီအိမ်တွေကို စာရင်းပြုစုထားတဲ့ ကျူးကျော်တွေကိုပဲ ငှားရမ်းရောင်းချသင့်တယ်။ ဒါက လောလောဆယ်တော့ မဖြစ်နိုင်သေးဘူး။ နိုင်ငံမှာက ၀င်ငွေအလယ်တန်းစားလူတွေတောင် မြို့စွန်တစ်နေရာမှာ အိမ်မ၀ယ်နိုင်သေးဘူး။ အဓိကတော့ အိမ်ခြံမြေဈေးနှုန်းတွေ ကြီးနေတဲ့ပြဿနာကြောင့်ပေါ့”ဟု ၎င်းကပြောသည်။

ရန်ကုန်တွင် နောက်ဆုံးအကြိမ်ဖြစ်ပွားခဲ့သည့် ကျူးကျော်ပြဿနာမှာ ယခုလတတိယပတ်က တွံတေးမြို့နယ်မှ ကျေးရွာသုံးရွာအနီးတွင်ရှိသော စီမံကိန်းမြေနေရာကျယ်တွင် အိုးမဲ့အိမ်မဲ့များက လာရောက်ကျူးကျော်နေထိုင်ရာမှ မြို့နယ်ရဲတပ်ဖွဲ့အပါအ၀င် ဒေသခံများနှင့် ကျူးကျော်တဲထိုးနေထိုင်သူများ နှစ်ဖက်ပဋိပက္ခအသွင်အထိပင် ဆောင်ခဲ့ကြသည်။

ယင်းဖြစ်စဉ်မှာလည်း မြေနေရာဦးရန် အဓိကအကြောင်းရင်းပင်ဖြစ်ခဲ့သည်။

ကျူးကျော်တဲထိုးနေထိုင်သူများနှင့် မူလမြေနေရာပိုင်ရှင်များ ဖြစ်ပွားသည့်ပဋိပက္ခတိုင်း အစိုးရက အချိန်မီကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိကြောင်း စက်မှုဇုန်မြေနေရာအနီးတစ်ဝိုက်တွင် ကျူးကျော်ခံခဲ့ရသူ စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးကဝေဖန်သည်။

အများစုမှာ ဒေသခံအာဏာပိုင်၊ ဒေသခံစည်ပင်များဖြင့်သာ အကြိမ်ကြိမ်ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ပြဿနာကို ပိုင်ရှင်ကိုယ်တိုင် တိုက်ရိုက်ဖြေရှင်းနေရကြောင်း အထက်ပါလုပ်ငန်းရှင်ကဆိုသည်။

“စက်မှုဇုန်တွေရဲ့ခြံစည်းရိုးဘေးမှာ နေကြတာအများကြီးပဲ။ စည်ပင်က စာကပ်ရုံကလွဲပြီး ဘာမှမလုပ်ပေးနိုင်ဘူး”ဟု အထက်ပါလုပ်ငန်းရှင်ကဆိုသည်။

ကျူးကျော်များကလည်း မြေနေရာတစ်ခုဝင်ယူပြီး လူအစုအဖွဲ့များလျှင်များသလို နေရာတစ်ခု သေချာသွားနိုင်သည့်နည်းလမ်းတစ်ခုလည်း သုံးလာသည်။

ထို့ကြောင့် စီးပွားရေးမြို့တော်ရန်ကုန်တွင် နေ့စဉ်တစ်စထက်တစ်စ တိုးပွားလာသည့် ကျူးကျော်ဦးရေကို အစိုးရက စီမံခန့်ခွဲနိုင်ခြင်းမရှိပါက နောက်ပိုင်းတွင် မလိုလားအပ်သော အကြမ်းဖက်လာနိုင်သည့် ပဋိပက္ခများမှာ အာဏာပိုင်များနှင့် ကျူးကျော်များအကြား ဆက်တိုက်ထွက်ပေါ်လာနိုင်သေးကြောင်း ကျွမ်းကျင်သူများကသုံးသပ်သည်။

ထို့အပြင် ကျူးကျော်များ၏ မြေနေရာဦးမှုများတွင် တစ်စထက်တစ်စ ပြဿနာကြီးထွားလာအောင် လုပ်သည်ဆိုသော လှုံ့ဆော်သူများကိုလည်း အစိုးရက အချိန်မီဖော်ထုတ်ရန် လိုအပ်မည်ဖြစ်ကြောင်း မြေနေရာကျူးကျော်ခံရသူများကပြောသည်။

“ကျွန်တော်တို့ကို ပြတ်ပြတ်သားသား အမြန်ဆုံးဖြေရှင်းဖို့ အမိန့်တစ်ခုလိုတယ်။ အဲဒီအမိန့်မကျသေးသရွေ့ ဘာမှလုပ်လို့မရတော့ ပဋိပက္ခတွေဖြစ်ကုန်တယ်”ဟု တွံတေးမြို့နယ်မှ ကျူးကျော်ပဋိပက္ခတွင် ၀င်ရောက်ဖြေရှင်းခဲ့ရသူ ဒုရဲအုပ်တစ်ဦးက ၎င်း၏အမြင်ကိုပြောသည်။

ရေးသားသူ- မိုးညို
7 Day News Journal