ရခိုင်နဲ့ မွတ်စလင်ခေါင်းဆောင်တွေ ဆွေးနွေးညှိနှိုင်းကြဖို့ ဗြိတိန်တိုက်တွန်း

ပို့စ်တင်ချိန် - 12/18/2013 09:59:00 AM


ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား နှစ်ဘက်တင်းမာနေဆဲ အခြေအနေတွေ လျော့ကျနိုင်ဖို့နဲ့ လူ့အသိုင်းအဝိုင်းနှစ်ခုကြား ပြန်လည်သင့်မြတ်ရေးအတွက် နှစ်ဖက်ခေါင်းဆောင်တွေ ညှိနှိုင်းဆောင်ရွက်ရေးဟာ အဓိကကျနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mr. Andrew Patrick က ဒီကနေ့ ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေလေဆိပ်မှာ ဒီကနေ့ နေ့လည်ပိုင်းက ဒေသခံသတင်းထောက်တွေနဲ့တွေ့ဆုံပြီး သံအမတ်ကြီးက စကားပြန်ကတစ်ဆင့် ပြောကြားလိုက်တာဖြစ်ပါတယ်။

“ပထမ အခြေခံကျတဲ့အချက်ကတော့ ခေါင်းဆောင်မှုပိုင်းဖြစ်ပါတယ်၊ ခေါင်းဆောင်တွေအနေနဲ့ ဒီအဖွဲ့အစည်းနှစ်ခုအကြားမှာ အတူပြန်လည်ယှဉ်တွဲနေထိုင်ဖို့ ဆန္ဒရှိရပါမယ်၊ ဒုတိယအချက်ကတော့ လွတ်လပ်စွာသွားလာခွင့် လွတ်လပ်စွာအလုပ်လုပ်ခွင့်တွေ ရှိရမှာဖြစ်ပါတယ်၊ ဒီလိုနှစ်ဘက်အဖွဲ့အစည်းတွေ အတူတကွ ပူးပေါင်းဆောင်ရွက်မှသာ ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်”

ဒါ့အပြင် ရခိုင်ပြည်နယ်ဟာ တခြားတိုင်းနဲ့ ပြည်နယ်တွေနဲ့ နှိုင်းစာရင် ဆင်းရဲနိမ့်ကျတဲ့ အနေအထားမှာရှိနေဆဲဖြစ်ပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်လာဖို့ ပဋိပက္ခတွေ ဖြေရှင်းနိုင်တဲ့အပေါ်မှာ မူတည်နေတယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

ဒီခရီးစဉ်မှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mr.Andrew Patrick အပြင် ကနေဒါသံအမတ်ကြီး Mr. Mark McDowell လည်းပါဝင်ခဲ့ပြီး ပြည်နယ်အစိုးရနဲ့ ဆွေးနွေးတာအပြင် စစ်တွေ၊ မြေပုံမြို့နယ်တွေက ဒုက္ခသည်စခန်းတွေကို လည်ပတ်ခဲ့သလို နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ လူမှုအဖွဲ့အစည်းက တာဝန်ရှိသူအတော်များများနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

ကနေဒါသံအမတ်ကြီး Mr. Mark McDowell က ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား နှစ်ဖက်ဆက်ဆံရေး အေးစက်နေတာကိုတွေ့ရှိရသလို နှစ်ဘက်အသိုင်းအဝိုင်းကြား ကောလဟာလတွေ ပြောဆိုနေတာတွေလည်း တွေ့ရှိရကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

RFA Burmese