ဇွဲကပင်နှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်အပြီးတွင် ကွင်းလယ်ဒိုင်ကို ဇွဲကပင်အသင်းပိုင်ရှင်က လက်ရောက်မှုကျူးလွန်

ပို့စ်တင်ချိန် - 2/17/2014 02:08:00 AM



ဇွဲကပင်နှင့် ရတနာပုံအသင်းတို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ(၁၅) ရက်က ရန်ကုန်မြို့ရှိ အောင်ဆန်းကွင်း၌ MNL ပွဲစဉ်(၃)အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပွဲအပြီးတွင် ဇွဲကပင်အသင်းပိုင်ရှင်က ကွင်းလယ်ဒိုင်ကို လက်ရောက်မှုကျူးလွန်ခဲ့ကြောင်း သိရသည်။

ယင်းပွဲပထမပိုင်းတွင် ဇွဲကပင်အသင်းမှာ (၁)ဂိုးအသာဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ပယ်နယ်တီ(၂)ဂိုး ပြန်ပေးခဲ့ရပြီး ပွဲအပြီးတွင် (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ယင်းပွဲကို တာဝန်ယူကိုင်တွယ်နေသော ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်များကို ကျေနပ်မှုမရှိသောကြောင့် ဇွဲကပင်အသင်းပိုင်ရှင်က ပွဲကြည့်စင်မှ ကွင်းအတွင်းသို့ဆင်း၍ ပွဲအပြီးကွင်းပြင်ပသို့ ပြန်ထွက်လာသည့် ကွင်းလယ်ဒိုင်ကို လက်ရောက်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ‘ဒီဖြစ်ရပ်ဟာ ပွဲချိန်အတွင်းမှာဖြစ်တာ မဟုတ်ပါဘူး။ ပွဲပြီးမှဖြစ်တာပါ။ ဒါကြောင့် ဒီဖြစ်ရပ်ကို သီးခြားအစီရင်ခံစာရေးပြီး တင်ပြသွားမှာပါ။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘယ်လိုအရေးယူမလဲ ဆိုတာကတော့ တာဝန်ရှိသူတွေ ဆုံးဖြတ်သွားမှာပါ’ ဟု ယင်းပွဲကို တာဝန်ယူခဲ့သည့် ဒိုင်ကြီးကြပ်က ပြောကြားခဲ့သည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ဒိုင်လူကြီးများ ကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးထွန်းလှအောင်ကလည်း ယင်းပွဲတွင် ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ဇွဲကပင်အသင်း ကစားသမားများမှာ စောဒကတက်မှုများ မရှိခဲ့ကြောင်း၊ သို့သော် ပွဲပြီးမှသာ ဇွဲကပင်အသင်းပိုင်ရှင်က လက်ရောက်မှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ MFF စည်းကမ်းထိန်းသိမ်းရေး ကော်မတီကို တင်ပြ၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစရှိသဖြင့် ပြောကြားခဲသည်။ ဦးထွန်းလှအောင်က ‘ဒီပွဲမှာပေးခဲ့တဲ့ ပယ်နယ်တီပြစ်ဒဏ်တွေက အငြင်းပွားစရာဖြစ်လောက်အောင် မရှင်းလင်းတာ မရှိပါဘူး။ ပယ်နယ်တီပြစ်ဒဏ်တွေနဲ့ ပတ်သက်လို့ ဇွဲကပင်ကစားသမားတွေ ကိုယ်တိုင်ကလည်း ထူးပြီးစောဒက မတက်ခဲ့ကြပါဘူး။ ပွဲအပြီး ကွင်းလယ်ဒိုင် ထွက်လာချိန်မှာ ဖြစ်သွားတာပါ။ ကာယကံရှင် (ကွင်းလယ်ဒိုင်)က လက်ဆွဲနှုတ်ဆက်မယ်ထင်နေတုန်း ရိုက်လိုက်တာပါ။ ဒီအဖြစ်အပျက်ကို စည်းကမ်းထိန်းသိမ်းရေး ကော်မတီဆီ တင်ပြသွားပါမယ်။ ပွဲပြီးပြီးချင်းလည်း MFF ဥက္ကဋ္ဌဆီ ဖုန်းဆက်အကြောင်းကြားပြီးပါပြီ’ ဟု ပြောကြားခဲ့သည်။

eleven media group