ပျောက်ဆုံးနေသော မလေးရှားလေယာဉ်မှ အပျက်အစီးဟု ဖြစ်နိုင်ခြေအလွန်များသော အပိုင်းအစနှစ်ခုကို သြစတြေးလျဂြိုဟ်တုမှ တွေ့ရှိခဲ့သည့်နေရာသို့ နော်ဝေသင်္ဘောရောက်ရှိကာ ရှာဖွေမှုများပြုလုပ်နေ

ပို့စ်တင်ချိန် - 3/21/2014 06:14:00 PM

ပျောက်ဆုံးနေသော မလေးရှားလေယာဉ်မှ ဖြစ်နိုင်သော အပျက်အစီးများ ရှိသည်ဆိုသည့်နေရာသို့ ပထမဆုံးရောက်ရှိသည့် နော်ဝေသင်္ဘော Hoegh ST.Petersburg

မလေးရှားလေကြောင်းလိုင်း၏ ပျောက်ဆုံးနေသော လေယာဉ်မှ ဖြစ်နိုင်ခြေအလွန်များသော အပျက်အစီးအပိုင်းအစနှစ်ခုကို သြစတြေးလျက မတ် ၂၀ ရက်တွင် ပင်လယ်ပြင်၌ ဂြိုဟ်တုမှတစ်ဆင့် တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ဂြိုဟ်တုဓာတ်ပုံများကို အခြေခံပြီး ခိုင်မာသော သတင်းအချက်အလက်သစ် ရရှိခဲ့ကြောင်း သြစတြေးလျဝန်ကြီးချုပ် တိုနီအဘော့က ပါလီမန်တွင် ပြောကြားခဲ့သည်။ အရာဝတ္ထုများကို ရှာဖွေစစ်ဆေးရန် တာဝေးသွား ထောက်လှမ်းရေးလေယာဉ် လေးစင်းသည် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းသို့ ဦးတည်မောင်းနှင်ခဲ့ကြကြောင်း သိရသည်။ ဂြိုဟ်တုဓာတ်ပုံများကို အထူးပညာရှင်များက လေ့လာသုံးသပ်ခဲ့ပြီးနောက် ပျောက်ဆုံးမလေး ရှားလေယာဉ်နှင့် ဆက်စပ်မှုရှိသော အရာဝတ္ထု နှစ်ခုဟု သတ်မှတ်နိုင်ခဲ့ကြောင်း အဘော့က ပြောကြားခဲ့သည်။

အရာဝတ္ထုနှစ်ခုအနက် တစ်ခုမှာ ၂၄ မီတာ (၇၉ ပေ) ရှိပြီး အခြားတစ်ခုမှာမူ ယင်းထက်သေးငယ်ကြောင်း၊ ယင်းပစ္စည်းများကို ရှင်းရှင်းလင်းလင်း မမြင်ရသေးကြောင်း သြစတြေးလျရေကြောင်းလုံခြုံရေး အာဏာပိုင်အဖွဲ့တာဝန်ရှိသူ ဂျွန်ယန်းက ပြောကြားခဲ့သည်။ ဂြိုဟ်တုမှ ရိုက်ကူးရရှိသော ဓာတ်ပုံများအရ အဆိုပါ အရာဝတ္ထု နှစ်ခုသည် တစ်ခုနှင့်တစ်ခု ၁၄ မိုင်အကွာ၌ ရှိကြပြီး သြစတြေးလျ အနောက်ကမ်းရိုးတမ်း၏ အနောက်တောင်ဘက် ၁၅၀၀ မိုင် အကွာခန့်တွင် ရှိကြောင်းနှင့် ယင်းနေရာသည် သင်္ဘောများ သွားလာတတ်သည့် လမ်းကြောင်းမှနေ၍ အလွန်ဝေးကွာလှသော နေရာ၌ ရှိကြောင်း သိရသည်။

မော်တော်ကားတင်သည့် နော်ဝေသင်္ဘော Hoegh St. Petersburg သည် ပျောက်ဆုံးနေသော မလေးရှားလေယာဉ်မှ ဖြစ်နိုင်သော အပျက်အစီးများ ရှိသည်ဆိုသည့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ နေရာသို့ ပထမဆုံးရောက်ရှိလာသည့် သင်္ဘောဖြစ်ကြောင်း အဆိုပါသင်္ဘောကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ စီဆဲလီမိုးက မတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါသင်္ဘောသည် သြစတြေးလျ အာဏာပိုင်များ၏ မေတ္တာရပ်ခံချက်များအရ မာဒါဂါစကားမှ မဲလ်ဘုန်းသို့ သွားမည့် သူ၏ ခရီးစဉ်မှ သွေဖယ်ကာ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ရှာဖွေရေးဇုန်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

သို့သော် ပျောက်ဆုံးနေသော မလေးရှားလေယာဉ်မှ ဖြစ်နိုင်သော အပျက်အစီး တစ်စုံတစ်ရာကို ယခုတိုင်တွေ့ရှိရခြင်း မရှိသေးကြောင်း နော်ဝေသင်္ဘောကုမ္ပဏီမှ အခြားပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သော ခရစ်ရှန်ဒါးက ပြောကြားခဲ့သည်။ ဒါးက ယင်းနေရာ၌ ဂရင်းနစ်စံတော်ချိန် ၁၃း၀၀ နာရီကတည်းက နေ၀င်သွားပြီဖြစ်သောကြောင့် ရှာဖွေရ ခက်ခဲကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။ သူက “သင်္ဘောက သြစတြေးလျအာဏာပိုင်တွေ ပေးအပ်ခဲ့တဲ့ လမ်းကြောင်းတစ်လျှောက် ညအချိန်အထိ ရှာဖွေမှာပါ။ ပြီးရင် ကျွန်တော်တို့ သြစတြေးလျ အာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး အနေအထားကို တင်ပြလို့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

နော်ဝေသင်္ဘောပိုင်ရှင်များအသင်း အထွေထွေညွှန်ကြားရေးမှူး စတာလာဟင်နရစ်ဆင်က ရှာဖွေရေးဧရိယာကို ရေမိုင် ၆၀ အကွာအဝေးအထိ ချဲ့ထွင်ကာ ၁၀၀ ကီလိုမီတာတစ်ဝိုက် ရှာဖွေသွားမည်ဖြစ်ကြောင်း နှင့် လမ်းကြောင်းတစ်လျှောက် စုန်ချည်ဆန်ချည် ရှာဖွေသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နော်ဝေသင်္ဘောနှင့်အတူ သြစတြေးလျ၊ နယူးဇီလန်နှင့် အမေရိကန်တို့မှ လေယာဉ်များသည်လည်း ယင်းနေရာ၌ ရှာဖွေမှုများကို မတ် ၂၁ ရက်တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သြစတြေးလျရေကြောင်း လုံခြုံရေးအာဏာပိုင်များက ပြောကြားခဲ့သည်။
အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းရှိ ဝေးလံပြီးကြမ်းတမ်းလှသောနေရာ၌ ဆိုးရွားလှသော ရာသီဥတုကလည်း အဟန့်အတား ပြုနေသောကြောင့် စုံစမ်းထောက်လှမ်းရေး လေယာဉ်များနှင့် နော်ဝေသင်္ဘောတို့အနေဖြင့် ဂြိုဟ်တုမှရိုက်ကူးရရှိသော အပျက်အစီးများကို ရှာမတွေ့သေးဟု ဆိုသည်။

ရှာဖွေရမည့်နေရာ၏ အကျယ်အ၀န်းသည် စတုရန်းမိုင် သုံးသန်းခန့် ကျယ်ဝန်းသော်လည်း အမေရိကန်အာဏာပိုင်များက လေယာဉ်အပျက်အစီးများကို အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတစ်နေရာရာတွင် တွေ့ရှိရလိမ့်မည်ဖြစ်ကြောင်း မကြာသေးခင်ရက်များအတွင်း အခိုင်အမာပြောကြားခဲ့သည်။

လေယာဉ်ရှာဖွေရန် ဗဟိုချက်ကို အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းသို့ ပြောင်းရွှေ့လိုက်သော်လည်း မလေးရှားသည် အာရှတိုက် အလယ်ပိုင်း ကာဇက်စတန်နိုင်ငံသို့လည်း လေယာဉ်နှစ်စင်း စေလွှတ်ထားကြောင်း ပြောကြားခဲ့သည်။ ကာဇက်စတန်နိုင်ငံသည် မလေးရှားလေယာဉ် မတ် ၈ ရက်တွင် အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် ဂြိုဟ်တုအချက်ပြမှုတစ်ရပ် ပေးပို့ခဲ့သည်ဟူသည့် အချက်အပေါ် အခြေခံလျက် ဖြစ်နိုင်ဖွယ်ရှိသော နေရာတစ်ခုဟု သတ်မှတ်ထားသည့် မြောက်ပိုင်းလမ်းကြောင်းတစ်လျှောက်၌ တည်ရှိနေသော နေရာဖြစ်သည်။ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း နှင့် တရုတ်တို့ကလည်း ၎င်းတို့၏ နယ်မြေများအတွင်း ရှာဖွေလျက်ရှိသည်။

ယခုလက်ရှိတွင် သြစတြေးလျဂြိုဟ်တုက အပျက်အစီးနှစ်ခု တွေ့ရှိသည်ဆိုသော နေရာ၌ ပြုလုပ်နေသည့် ရှာဖွေမှု၌ သင်္ဘော ၁၈ စင်း၊ လေယာဉ် ၂၉ စင်းနှင့် ရဟတ်ယာဉ် ခြောက်စင်း ပါဝင်နေကြောင်း သိရသည်။ သြစတြေးလျက အပျက်အစီးများတွေ့ရှိ ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် တရုတ်သည် သူ၏သင်္ဘောအချို့ကို အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းသို့ လမ်းကြောင်းပြောင်း ခုတ်မောင်းစေခဲ့သည်ဟု ဆိုသည်။ သို့သော် ရှာဖွေရန်နေရာနှင့် အနီးဆုံး တရုတ်သင်္ဘောများသည်ပင်လျှင် ယင်းနေရာမှ ရေမိုင် ၂၃၀၀ အကွာ၌ ရှိနေကြောင်း တရုတ်ရေတပ် မှပြောရေးဆိုခွင့်ရှိသူ လျန်ယန်းကပြောကြားခဲ့သည်။

သြစတြေးနိုင်ငံ ဂျိမ်းကွတ်တက္ကသိုလ် မှ သမုဒ္ဒရာဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာ ရော်ဘင်ဘီမန်က ဂြိုဟ်တုဓာတ်ပုံများကို မတ် ၁၆ ရက်က ရိုက်ကူးရရှိခဲ့ခြင်းဖြစ်သောကြောင့် ယင်းအပျက်အစီးများသည် မူရင်းနေရာမှ ကီလိုမီတာ ရာနှင့် ချီလျက်ရွေ့လျားသွားနိုင်သည်ဟု ဆိုသည်။ သူက ရေစီးနှုန်းသည် တစ်နာရီ လျှင် ရေမိုင် တစ်မိုင် သို့မဟုတ် နှစ်မိုင်နှုန်း ရှိနေသည်ဟု ဆိုသည်။

Eleven Media Group