ဒေသခံများ အကျိုးရှိမည် ဆိုပါက အခြားပါတီ လူပုဂ္ဂိုလ်နှင့် ပူးပေါင်းခြင်းမှာ မှန်ကန်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြည်ခိုင်ဖြိုးပါတီဝင်များကိုပြော

ပို့စ်တင်ချိန် - 3/21/2014 09:50:00 AM


photo-internet

ရန်ကုန်၊ မတ် ၁၉

ဒေသဖွံ့ဖြိုးရေးအတွက် အခြားသော ပါတီများမှ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်း လုပ်ဆောင်ရာတွင် ဒေသခံများ အကျိုးဖြစ်ထွန်းမှု ရှိလာမည် ဆိုပါက မိမိ၏ လုပ်ရပ်အား မှန်ကန်ကြောင်း သတ်မှတ်ပေးဖို့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၉ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ရပ်နားချိန်တွင် ပြောဆိုလိုက်သည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ၏ အစီအစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးနှင့် ကွမ်းခြံကုန်း မြို့နယ်များမှ ကြံ့ခိုင်ရေးပါတီဝင် ၂၀၀ ခန့် လွှတ်တော်သို့ လာရောက် လေ့လာသည့်ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

““အဓိကကတော့ ကျွန်မတို့ဒီလိုပူးပေါင်း ဆောင်ရွက်ခြင်းဟာ ကျွန်မတို့ရဲ့ မြို့နယ်အတွက် အကျိုးဖြစ်စေရမယ်။ အဲဒီလို အကျိုးဖြစ်မယ်ဆိုရင် ကျွန်မတို့လုပ်တာ မှန်ပြီလို့ သတ်မှတ်ရမယ်။ ဒီတော့ ကျွန်မတို့မြို့နယ်ထဲက ကျွန်မတို့ပြည်သူပြည်သား တွေကလည်း ဒီလိုစိတ်ထားရမယ်။ သူက ဘယ်ပါတီက၊ ငါကဘယ်ပါတီက ဒီလိုခွဲခြားမှုကတော့ အတိုင်းအတာ တစ်ခုထိတော့ ရှိမှာပေါ့။ ရှိနိုင်တယ်။ ဒါကိုယ့်ရဲ့ နိုင်ငံရေး ယုံကြည်ချက်အရ။ ဒါပေမဲ့ မြို့နယ် တိုးတက်ရေး အတွက်တော့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ကြပါ။ နောက်ပြီးတော့ မိတ်ဖြစ်ဆွေဖြစ် နေကြပါ။ တကယ်ရင့်ကျက်တဲ့ နိုင်ငံကြီးတွေမှာဆိုရင် ရွေးကောက်ပွဲမှာ အကြိတ်အနယ် ပြိုင်ဆိုင်၊ ပြီးတော့ မိတ်ဆွေလိုပဲ နေတာပဲ။ ဘာမှ မိတ်ပျက်တာ မရှိဘူး။ ဒီတော့ ကျွန်မတို့ ကော့မှူးကို စံပြမြို့နယ်တစ်ခု ဖြစ်စေချင်တယ်”” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မိမိအနေဖြင့် ကော့မှူးမြို့နယ်ရှိ ပြည်သူများအတွက် အကောင်းဆုံး လုပ်ဆောင်ပေးရန် တာဝန်ရှိသလို ခရီးစဉ်ကို စီစဉ်ပေးခဲ့သည့် ဦးခင်ရွှေမှာလည်း လက်ခံလိမ့်မည်ဟု ယုံကြည်ကြောင်း၊ မိမိအနေဖြင့် တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ယခုကဲ့သို့ ပူးပေါင်း ဆောင်ရွက်သည့် အခွင့်အရေး ရရှိခြင်းမှာလည်း ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံး လာသည့်အတွက် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဒီမိုကရေစီနိုင်ငံများတွင် ပြည်သူများအနေဖြင့် မိမိနိုင်ငံ တိုးတက်ရေးအတွက် မိမိကိုယ်တိုင် တာဝန်ယူ ရကြောင်း၊ မိမိတို့ ရွေးချယ်ထားသည့် လွှတ်တော် ကိုယ်စားလှယ်များမှာလည်း ရွေးချယ် ခံရသည့်အတွက် တာဝန်ပေးခြင်းသာ ဖြစ်ကြောင်း၊ ထိုသို့ ရွေးချယ်လိုက်သည့် အတွက်လည်း မိမိတွင် တာဝန်ရှိကြောင်း၊ မိမိ ရွေးချယ်ပြီးမှ မကြိုက်ပါဘူး ပြောခွင့်ရှိသော်လည်း ရွေးချယ်တုန်းက မှားယွင်းခဲ့သည့်အတွက် နောင်မမှားရန် သတိပြုသင့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ကြံ့ခိုင်ရေးပါတီဝင်များနှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့သေးသည်။

ထို့ပြင် ညီညွတ်ရေးနှင့် ပတ်သက်၍လည်း ““ညီညီညွတ်ညွတ် ရှိရမယ်။ ဟိုဘက်ကနိုင်လို့ နိုင်တဲ့သူကို ချော်လဲအောင် လုပ်မယ်လို့၊ သူနိုင်မှာစိုးလို့ ခလုတ်တိုက်အောင် လုပ်မယ်လို့။ ဒါမျိုးတွေက မလုပ်သင့်ဘူး။ ဒါဟာ သိက္ခာရှိတဲ့ နိုင်ငံရေးမဟုတ်ဘူး။ သိက္ခာရှိတဲ့ နိုင်ငံရေး မလုပ်နိုင်လို့ရှိရင် ကျွန်မတို့ နိုင်ငံဟာ တိုးတက်မှာ မဟုတ်ဘူး။ အဲဒီတော့ ကျွန်မတို့ အမြင်ချင်း မတူတာတွေ ရှိတယ်။ ဒါကတော့ ရှိမှာပဲ။ လူပဲအမြင်ချင်း တစ်ယောက်နဲ့ တစ်ယောက် မတူဘူးပေါ့””ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

ဒေသဖွံ့ဖြိုးရေးအပြင် ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေ နိုင်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်မှာ အဓိကကျကြောင်းလည်း ထုတ်ဖော် ပြောဆိုခဲ့သေးသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့်အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် မကြာခဏ ဆိုသလို လူထု ထောက်ခံပွဲများ ပြုလုပ်လျက်ရှိပြီး အခြေခံဥပဒေ ပြင်ဆင်နိုင်ရန် အဓိကကျသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက်လည်း  နိုင်ငံရေး အင်အားစုများက လုပ်ဆောင်လျက် ရှိသည်။

မြန်မာသံတော်ဆင့်