တိုးမြှင့်ကောက်ခံသည့် လျှပ်စစ်ဓာတ်အားခ လုပ်ငန်းရှင်များအတွက် ထိခိုက်နစ်နာမှုမရှိ

ပို့စ်တင်ချိန် - 3/21/2014 08:03:00 PM


အစိုးရမှ အရှုံးပေါ်နေခြင်းကြောင့် လျှပ်စစ်ဓာတ်အား သုံးစွဲခအား တိုးမြှင့်ကောက်ခံပါကလဲ ကျေနပ်စွာ ပေးဆောင်သွားမည်ဖြစ်ပြီး ယခုတိုးမြှင့်ကောက်ခံလိုက်သည့် နှုန်းထားသည် လုပ်ငန်းရှင်များအတွက် အဆင်ပြေပြီး အဆုံးအရှုံး သိပ်မရှိကြောင်း အထည်ချုပ် လုပ်ငန်းရှင် အများစုက မတ်လ ၂၀ ရက်က ပြောသည်။

တိုးမြှင့်ကောက်ခံလိုက်သည့် နှုန်းထားသည် အိမ်သုံးများအတွက် တစ်ယူနစ် မှ တစ်ရာယူနစ် အထိ ၃၅ ကျပ် ၁၀၁ မှ ၂၀၀ ၄၀ ကျပ် အထိသာကောက်ခံသွားမည်ဖြစ်ပြီး ယခင်က အိမ်သုံးမီတာအတွက် လျှောက်ထားရာတွင်  ၁ ယူနစ်တွင် ၅၀ ကျပ်ပေးရသည်ထက်သက်သာကြောင်းကိုလဲသိရသည်။

“ကောက်ခံတဲ့နှုန်းထားကို နည်းသည်များသည်တော့ မပြောပါဘူး ကျွန်တော်တို့အနေနဲ့  ကျေနပ်စွာနဲ့ပေးမှာပါ ဆိုးသည်ကောင်းတယ်လို့ မပြောပါဘူး”ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ ဦးထွန်းအောင်က ဆိုသည်။

ယင်းကဲ့သို့  လျှပ်စစ်မီတာခအားတိုးမြှင် ကောက်ခံရန်အတွက်  ယခင် ၂၀၁၁ ခုနှစ်ထဲက စီစဉ်ခဲ့ခြင်းဖြစ်ပြီး ယခုမှသာ ကောက်ခံရခြင်းမှာ မီတာခတိုးမြှင့်ကောက်ခံရန် စီစဉ်ရာတွင် လူထုအများက ဆန္ဒပြခြင်းကြောင့် လျှပ်စစ်မီတာခအား တိုးမြှင့်ကောက်ခံရန်အတွက် ကြန့်ကြာခဲ့ကြောင်းကိုလည်း သိရသည်။

“တိုးမြှင့်ကောက်ခံလို့ မရဘူးလို့တော့ မပြောဘူး ဒါပေမယ့် နောက်ဆက်တွဲ ဖြစ်လာမယ့်ဟာတွေကို တာဝန်ယူမှု တာဝန်ခံမှုတော့ ရှိရမယ် ”ဟု ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

လျှပ်စစ်မီတာခအား တိုးမြှင့်ကောက်ခံရာတွင် လုပ်ငန်းရှင်များ နစ်နာမှုမဖြစ်စေရေးအတွက် စက်မှုလုပ်ငန်းရှင်များနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ အကြိမ်ကြိမ်ညှိနှိုင်းခဲ့ရကြောင်းကိုလည်း လှိုင်သာယာ စက်မှုဇုံ လုပ်ငန်းရှင်အသင်းမှ သိသည်။

“ကြိုတင်ပြီးတော့ ညှိနှိုင်းထားတာတော့ ရှိပါတယ် ဈေးနှုန်းကတော့ အရင်ညှိထားတာနဲ့ ဘာမှမကွာဘူး”ဟု လှိုင်သာယာ စက်မှုဇုံ လုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

လက်ရှိတွင် လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းတွင် လုပ်ငန်းရှင်များ ပါဝင်ရင်းနှီးမြှုပ်နှံရန်အတွက် ဖိတ်ခေါ်ထားလျက်ရှိပြီး လျှပ်စစ်ဥပဒေကြမ်းအား မမှီကာလတွင် အတည်ပြုပြဌာန်းရန်ရှိကြောင်းကိုလဲသိရသည်။

နှင်းနွယ်
The Myanma Age