ယာဉ်ရပ်နားဇုန်များ သတ်မှတ်ပြီးပါက ရပ်နားခ တစ်နာရီ ၂၀၀ ကျပ် ကောက်မည်

ပို့စ်တင်ချိန် - 3/21/2014 10:23:00 AM


နန်းမြင့်

ရန်ကုန်၊ မဇ္ဈိမ။          ။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှစတင်ပြီး ရန်ကုန်မြို့တွင်းတွင် ယာဉ်ရပ်နားဇုန်များ သတ်မှတ်ပြီး ကားပါကင်ခ တစ်နာရီ ၂၀၀ ကျပ် ကောက်ခံမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့်တံတားဌာနမှ ဒုတိယဌာနမှူးဦးမျိုးလွင်က မတ် ၂၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့တွင်း၌ ယာဉ်ရပ်နားဇုန်များသတ်မှတ်ပြီး လာမည့်ဘဏ္ဍာနှစ်တွင် ရန်ကုန်စည်ပင်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အငှားချ လေလံပွဲကို လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး လေလံအောင်သူများက တစ်နာရီ ကျပ်၂၀၀နှုန်းဖြင့် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိသာ ကောက်ခံရမည်ဖြစ်သည်။

“ရန်ကုန်မြို့ထဲကို ကားတွေဝင်လာပြီးရင် အကြာကြီးရပ်တယ်။ နောက်လူတွေလာရင် ရပ်လို့မရဘူး။ အဲဒါတွေကို မြန်မြန်ထွက်အောင် ပါကင်ခကောက်တာဖြစ်တယ်” ဟုပြောသည်။

၁၉၉၆ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ကားပါကင်ခများကို ကောက်ခဲ့ပြီး ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှ စတင်ပြီး စင်္ကြန်များနှင့် ကားပါကင်များပြင်ဆင်နေသည့် အတွက် ပါကင်ခကောက်ယူခြင်းကို တစ်နှစ်ရပ်နားခဲ့သည်။

“ပါကင်ခကောက်မှာက အမည်တပ်လမ်းမကြီးနဲ့ အမည်တပ်လမ်းမတွေကို ကောက်မယ်။ တစ်နာရီ ၂၀၀ နှုန်းကောက်မယ်”ဟု ယင်းက ဆက်လက်ပြောသည်။

တက္ကစီယာဉ်မောင်း အမျိုးသားတစ်ဦးက “အရင်ကတော့ လမ်းသွယ်တွေပါကောက်တယ်။ အခုတော့ မကောက်ဘူးလို့ကြားတယ်။ လက်ရှိ ယာဉ်ရပ်နားခမပေးရဘူးဆိုပေမယ့် တစ်ချို့နေရာတွေမှာ နေရာဦးပေးခဆိုပြီး ပေးနေရတယ်”ဟုပြောသည်။

ကားပါကင်ခ ကောက်ယူသွားမည်လမ်းများမှာ ရွှေတိဂုံဘုရားလမ်း၊ အနော်ရထာလမ်း၊ ဝါးတန်းလမ်း၊ ဘုန်းကြီးလမ်း၊ လမ်းမတော်လမ်း၊ လသာလမ်း၊ ရွှေဘုံသာလမ်း၊ ဆူးလေဘုရားလမ်း၊ ပန်းဆိုးတန်းလမ်း၊ ဗိုလ်အောင်ကျော်လမ်း၊ သိမ်ဖြူလမ်း၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်တစ်ထောင်ဘုရားလမ်း၊ ဗိုလ်တစ်ထောင်ဈေးလမ်းများတွင် ကောက်ခံသွားမည်ဖြစ်သည်။

ယခင်က ကားပါကင်ခကောက်ခံရာတွင် အမည်တပ်လမ်းများနှင့် နံပါတ်တပ်လမ်းများအားလုံးတွင် ကောက်ခံခဲ့သည်။

မဇ္ဈိမ