စင်ကာပူနိုင်ငံ၏ဖခင်ကြီး လီကွမ်ယူးကို လူရွှင်တော်ဇာဂနာ တောင်းပန်

ပို့စ်တင်ချိန် - 3/21/2014 10:13:00 AM


photo-internet

မကွေး၊ မတ် ၁၉

မြန်မာနိုင်ငံအတွက် ဒီမိုကရေစီက အရေးမကြီး၊ ဒီမိုဂရာဖီ (လူဦးရေ အရေအတွက်ကို လေ့လာခြင်း) ကသာ အရေးကြီးသည်ဟု စင်ကာပူနိုင်ငံကို တည်ထောင်သူ လီကွမ်ယူး၏ လွန်ခဲ့သော ၂ နှစ်ခန့်က ပြောကြားချက်ကို အထင်အမြင် လွဲမှားမိသဖြင့် မကွေးမြို့ ပရိသတ်က တစ်ဆင့် တောင်းပန်ပါကြောင်း ဦးသူရ (ခ) လူရွှင်တော် ဇာဂနာက ပြောကြားသည်။

မကွေးမြသလွန် ဘုရားကွင်းပြင်၌ မတ်လ ၁၈ ရက်နေ့က ကျင်းပသည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်၍ ဒေသခံများကို ပညာပေး ဟောပြောစဉ် ၎င်းက အထက်ပါအတိုင်း တောင်းပန်ခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့က ဒီမိုကရေစီ ရရှိရေးတို့ အရေးအော်ပြီး ထောင်ထဲရောက်နေတဲ့ ကောင်တွေ။ အဲဒီလူတွေကိုလာပြီး ဒီမိုကရေစီက အရေးမကြီးပါဘူးကွာ။ ဗမာပြည်အတွက် အရေးကြီးတာ ဒီမိုဂရာဖီပါဆိုတော့ သူလို စင်ကာပူနိုင်ငံမှာ နေတဲ့ကောင်က ဗမာနိုင်ငံကို ဘာလာဆရာ လုပ်တာလဲဆိုပြီးတော့ ကျွန်တော်စိတ်အရမ်း ဆိုးပါတယ်။ သူ့အပေါ်မှာ ကျွန်တော် အထင်လွဲခဲ့ ပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ မြောက်ဘက်တွင် လူဦးရေ သန်းထောင့်သုံးရာရှိသော တရုတ်နိုင်ငံ၊ အနောက်ဘက်တွင် လူဦးရေ သန်းထောင့်နှစ်ရာရှိသော အိန္ဒိယနိုင်ငံ၊ အနောက်တောင်ဘက်တွင်မူ နိုင်ငံ အကျယ်အဝန်းအရ မြန်မာနိုင်ငံ၏ ငါးပုံတစ်ပုံခန့်သာ ရှိသော်လည်း လူဦးရေ သန်း ၁၆၀ ခန့်ရှိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ နိုင်ငံသား များသည် မြန်မာနိုင်ငံတွင်းသို့ လှည့်ဝင်လာပါက အခက် တွေ့နိုင်ကြောင်း၊ သို့ဖြစ်ရာ လူဦးရေ ပြောင်းရွှေ့နှုန်းမှာ အရေးကြီးကြောင်း လူရွှင်တော် ဇာဂနာက ရှင်းလင်းပြောကြားသည်။
“ဒီပြဿနာကို လွန်ခဲ့တဲ့ ၂ နှစ်ကစလို့ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ကြပြီးသားပါ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ မျက်ရည်ကျမတတ် ခံစားခဲ့ပြီးသားပါ” ဟု ရခိုင်ပြည်နယ်တွင်းသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ ဘင်္ဂါလီလူမျိုးများ ဝင်ရောက် လာခြင်းကို ရည်ညွှန်းကာ ၎င်းက ပြောဆိုသည်။

ကမ္ဘာ့ သုတေသန အဖွဲ့အစည်းများ၏ အစီရင်ခံစာများအရ မြန်မာနိုင်ငံသားများ၏ ပျမ်းမျှသက်တမ်းမှာ ၆၅ နှစ်သာ ရှိသဖြင့် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက နိမ့်ပါးနေသော်လည်း အသက်၂၀ မှ ၅၀ ကြားလူဦးရေ အရေအတွက်မှာ ၂၉ သန်း ရှိသောကြောင့် အလုပ်လုပ်နိုင်သော လူဦးရေ အရေအတွက် များကြောင်း၊ ယင်းလူများအတွက် အစိုးရက အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရန် သန်းခေါင်စာရင်း ကောက်ယူရာ၌ မှန်မှန်ကန်ကန် ဖြည့်စေလိုကြောင်း လူရွှင်တော် ဇာဂနာက တိုက်တွန်း ပြောကြားသည်။

လူရွှင်တော်ဇာဂနာ ဦးဆောင်သော မြပုဏ္ဏမာ အငြိမ့်အဖွဲ့သားများနှင့် အဆိုတော် ရဲရင့်အောင်တို့ ပါဝင်သော ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ပညာပေး ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံများ အများအပြား လာရောက် နားထောင်ခဲ့ကြသည်။ မြန်မာ နိုင်ငံတွင် ၁၉၈၃ ခုနှစ်နောက်ပိုင်း သန်းခေါင်စာရင်း ကောက်ယူခြင်း မရှိတော့သည့်အတွက် တစ်နိုင်ငံလုံးရှိ လူဦးရေ အရေအတွက်ကို အမျိုးမျိုး ခန့်မှန်း ပြောဆိုလျက်ရှိသည်။

The Voice