အိန္ဒိယ လုပ်ငန်းရှင်ကို လိမ်လည်မှုနဲ့ ရုံးတင်

ပို့စ်တင်ချိန် - 3/04/2014 11:14:00 PM

တရားရုံး လာရောက်ချိန် မှင်နဲ့ အပက်ခံရ

အိန္ဒိယ နိုင်ငံရဲ့ ထင်ရှားပြီး လူသူ အပြောများ ကြတဲ့ စီးပွားရေး လုပ်ငန်းရှင် Subrata Roy ဟာ သူ့အပေါ် စွဲဆိုထားတဲ့ ငွေကြေး လိမ်လည် ရယူမှု စွဲချက်တွေနဲ့ တရားရုံးချုပ် ရှေ့မှောက် လာရောက်ခဲ့ရပါတယ်။

သူပိုင်တဲ့ Sahara Group ကုမ္မဏီကြီးဟာ အသေးစားရင်းနှီး မြှုပ်နှံသူတွေဆီက ဒေါ်လာ သန်းပေါင်း ထောင်နဲ့ချီပြီး ဥပဒေနဲ့ မညီဘဲ ရယူခဲ့တယ်လို့ အစွပ်စွဲ ခံနေရတာ ဖြစ်ပါတယ်။ မစ္စတာ ရွိုင်ကတော့ ဒီ စွပ်စွဲမှုတွေကို ငြင်းဆိုထားပါတယ်။

သူ တရားရုံးကို ရောက်လာတဲ့ အချိန်မှာ လူတစ်ယောက်ကနေ မှင်နဲ့ လှမ်းပက်လိုက်ပြီး သူခိုးလို့ အော်ဟစ် ပြောဆိုတာကို ခံခဲ့ရပါတယ်။

မစ္စတာ ရွိုင်ဟာ အိန္ဒိယရဲ့ နာမည်ကြီး နိုင်ငံရေးသမားတွေ၊ ဘောလီးဝုဒ် မင်းသား မင်းသမီးတွေနဲ့ ရင်းနီး ထိစပ်သူတစ်ယောက် ဖြစ်ပါတယ်။

သူ့ရဲ့ Sahara Group ဟာ သန်းနဲ့ချီတဲ့ ဝန်ထမ်းတွေကို အလုပ်ပေးထားပြီး နယူးယောခ့်က Plaza Hotel ၊ လန်ဒန်က Grosvenor House အပါအဝင် ပြည်တွင်း ပြည်ပက လုပ်ငန်း အများအပြားကို ပိုင်ဆိုင်ပါတယ်။

BBC Burmese