ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ဘီလ်ဂိတ်မှ ပြန်လည် ရောက်ရှိ

ပို့စ်တင်ချိန် - 3/04/2014 07:09:00 PM


မတ်လ ၄။

ဖို့ဘ် မဂ္ဂဇင်း၏ ကမ္ဘာ့အချမ်းသာဆုံး လူများ စာရင်းတွင် မိုက်ကရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ်မှ ပိုင်ဆိုင်မှု စုစုပေါင်း ၇၆ ဘီလျံဒေါ်လာဖြင့် ကမ္ဘာ့အချမ်းသာဆုံး နေရာကို ပြန်လည် ရောက်ရှိခဲ့သည်။ အနှစ် နှစ်ဆယ်အတွင်း ဘီလ်ဂိတ်မှာ ကမ္ဘာ့အချမ်းသာဆုံး နေရာသို့ ၁၅ ကြိမ် တိုင်တိုင် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ဒုတိယ နေရာရှိ ဆက်သွယ်ရေး ကွန်ယက်များ ပိုင်ဆိုင်သူ ကားလို့စ်စလင်းဟီလူ၏ ပိုင်ဆိုင်မှုမှာ ၇၂ ဘီလျံဒေါ်လာ ဖြစ်သည်။

ဂိတ်၏ ပိုင်ဆိုင်မှုများမှာ ယမန်နှစ်ကထက် ၉ ဘီလျံဒေါ်လာ မြင့်တက်ခဲ့ကြောင်း မဂ္ဂဇင်း၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ “ သူ့ရဲ့ အများပြည်သူဆိုင်ရာ ထောက်ပံ့ကူညီ လှုဒါန်းမှုတွေကို နှစ်အတော်ကြာကြာ လုပ်ကိုင်ခဲ့ပြီးနောက်မှာတော့ ပြိုင်ဘက် ဂူဂယ်လ်နဲ့ အက်ပဲလ် ကုမ္ပဏီတို့ရဲ့ ဈေးကွက် အတွင်းမှာ ကျော်ဖြတ်မှုတွေကို ရင်ဆိုင်ဖို့အတွက် ထုတ်လုပ်မှုဆိုင်ရာ မန်နေဂျာအနေနဲ့ ပြန်လည် အချိန်ပေး လုပ်ကိုင်သွားဖို့ ဂိတ်ဟာ စီစဉ်ခဲ့ပါတယ် ” ဟု မဂ္ဂဇင်းတွင် ပါဝင်ခဲ့သည်။

ဘီလ်ဂိတ်၏ တစ်သက်တာ အတွင်း ၂၈ ဘီလျံဒေါ်လာကျော်ကို လှုဒါန်းထားခဲ့ပြီး ဇနီးဖြစ်သူ မလင်ဒါနဲ့ ပူးတွဲတည်ထောင်ခဲ့သည့် ဘီးလ်မလင်ဒါဂိတ် ဖောင်ဒေးရှင်းမှာလည်း ဖွံ့ဖြိုးဆဲ နိုင်ငံများအတွင်း ပိုလီယို ရောဂါကို တိုက်ဖျက်ရန် လုပ်ဆောင်လျှက် ရှိသည်။ အချို့သော ဘီလျံနာများကိုလည်း ပိုင်ဆိုင်မှုများကို လှုဒါန်းရန် ဆွဲဆောင် စည်းရုံးနိုင်ခဲ့သည်။

ဖို့ဘ်၏ နှစ်စဉ် အချမ်းသာဆုံး စာရင်းတွင် လူဦးရေပေါင်း ၁၆၄၅ ယောက် ပါဝင်ပြီး စုစုပေါင်း ပိုင်ဆိုင်မှုတန်ဖိုးမှာ ၆.၄ ထရီလျံ ဒေါ်လာ ဖြစ်သည်။ ယမန်နှစ်ကထက် လူဦးရေ ၂၁၉ ယောက် တိုးတက်ခဲ့သည်။ အမျိုးသမီး ဘီလျံနာ ၁၇၂ ယောက် ပါဝင်ပြီး ယမန်နှစ်က ၁၃၈ ယောက် ပါဝင်ခဲ့သည်။

ဟောင်ကောင်မှ သူဋ္ဌေးကြီး လီကာရှင်းမှာ ကမ္ဘာ့အချမ်းသာဆုံး စာရင်းတွင် ပိုင်ဆိုင်မှု ၃၁ ဘီလျံဒေါ်လာဖြင့် အဆင့် ၂၀ တွင် ပါဝင်ခဲ့သည်။

REF: Forbes
The Myanma Age