လမ်းဖြတ်ကူးသူအားတိုက်မိပြီး မောင်းပြေးသည့်ယာဉ်အား လိုက်လံဖမ်းဆီး

ပို့စ်တင်ချိန် - 3/04/2014 07:45:00 PM


နေပြည်တော်၊ မတ် ၃
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၁၀ နာရီ ၄၀ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၃၀/၆-၇)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပြင်စည်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့မောင်းနှင်လာသော “ငွေနှင်းမန္တလာ”ခရီးသည်ယာဉ်လိုင်းမှ ၁E/xxxx ယာဉ်သည် လမ်းဖြတ်ကူးသူ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရေသိုးကြီးရွာနေ မင်းမင်းနိုင်(၂၈)နှစ်အား ၀င်ရောက်တိုက်မိခဲ့ပြီး လမ်းယာဘက်မြေသားလမ်းပေါ်ရှိ မိုင်တိုင်အမှတ်(၃၃၁/၀)အားတိုက်ကာ မန္တလေး ဘက်သို့ မောင်းနှင်သွားကြောင်း သိရှိရပြီး မင်းမင်းနိုင်မှာ ဦးခေါင်းပေါက်ပြဲ၊ နှာခေါင်းသွေးထွက် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သောကြောင့် ပြင်စည်အမြန်လမ်းရဲစခန်း ယဉ်(ပ)၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ ဖြင့်အမှုဖွင့် အရေးယူခဲ့သည်။ ထို့နောက် မောင်းပြေးသွားသောယာဉ်အား ဖမ်းဆီးရမိရေးအတွက် စကားအင်းအမြန်လမ်းရဲစခန်း၊ စကားအင်းတိုးဂိတ်များသို့ဆက်သွယ်ဆောင်ရွက်ခဲ့ရာ မန္တလေးမြို့၊ ကျွဲဆည်ကန်ကားဝင်းအတွင်း၌ ယာဉ်မောင်းဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၆)ရပ်ကွက်နေ ၀င်းကို(၄၀)နှစ်အား ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့သောကြောင့် အမှုဖြင့်ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်