ရုရှား၏ စစ်ကြေညာမှုကို တုံ့ပြန်ရန် ယူကရိန်းစစ်တပ် ပြင်ဆင်၊ တပ်ဖွဲ့များ ပြန်လည်မရုပ်သိမ်းပါက ရုရှားကို စီးပွားရေးပိတ်ဆို့မည်ဟု အမေရိကန် သတိပေး

ပို့စ်တင်ချိန် - 3/04/2014 07:38:00 PM




ကိယက်၊ မတ် ၂

ယူကရိန်းနိုင်ငံ ကရိုင်းမီးယားဒေသ အရေးကိစ္စကို စစ်ရေးဖြင့် ဝင်ရောက် စွက်ဖက်ရန် ရုရှားပါလီမန် လွှတ်တော်က အတည်ပြု သဘောတူညီလိုက်မှုကို စစ်ကြေညာမှု အဖြစ် ယူကရိန်းခေါင်းဆောင် များက စွပ်စွဲ ပြောဆိုလိုက်ပြီးနောက် ယူကရိန်းစစ်တပ်က တပ်ဖွဲ့များ စုရုံးကာ စစ်ပွဲအတွက် အသင့်ပြင်လျက်ရှိကြောင်း သတင်းဌာနက ရေးသားဖော်ပြသည်။

ကရိုင်းမီးယား ကျွန်းဆွယ်ဒေသတွင် တင်းမာမှုများ အရှိန်မြင့်တက်နေပြီး ရုရှားဘက်က စစ်ရေးဖြင့် ကျူးကျော်ဝင်ရောက်မည့် အခြေအနေတွင် ရှိရာ ယူကရိန်းစစ်တပ်က တပ်ဖွဲ့ဝင်များနှင့် အရန်တပ်ဖွဲ့ (စစ်သည်များ အားလုံး) ကို တပ်ရင်းများသို့ သတင်းပေးပို့ရန် စည်းရုံးကာ အရေးပေါ် အခြေအနေ အဆင့်ဖြင့် သတိပေး တပ်လှန့်လိုက်ခြင်း ဖြစ်သည်။

အနောက်မီဒီယာများ၏ သတင်းပေးပို့ချက်များ အရ ပင်လယ်နက် အတွင်းမှ ကရိုင်းမီးယား ကျွန်းဆွယ်ဒေသကို ရုရှား တပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားကြောင်း၊ ယင်းတပ်ဖွဲ့ များကို ရုရှားစစ်ဗိုလ်ချုပ်ကြီး များက ဦးဆောင်ပြီး ယူကရိန်းတပ်ဖွဲ့ဝင်များ အနေနှင့် လက်နက်ချရန် တနင်္ဂနွေနေ့ ညနေပိုင်းက စတင် တောင်းဆိုလျက် ရှိကြောင်းသိရသည်။

ကရိုင်းမီးယားရှိ ယူကရိန်း စစ်အခြေစိုက် စခန်းများမှ ယူကရိန်းတပ်ဖွဲ့ဝင်များနှင့် ရုရှားတပ်ဖွဲ့ ဝင်များသည် ဂိတ်ပေါက်တစ် ဖက်တစ်ချက်စီမှ နေ၍ မျက်နှာချင်းဆိုင် အနေအထားမျိုးဖြင့် စောင့်ကြည့်လျက် ရှိသော်လည်း ထိပ်တိုက်ပဋိပက္ခ ဖြစ်ပွားမှု မရှိသေးကြောင်း Washing Post သတင်းစာက ရေးသားဖော်ပြသည်။

"ကျွန်တော်တို့ဘက်က ခန့်မှန်း မိသလောက်တော့ ကရိုင်းမီးယားမှာ ရုရှား ကြည်းတပ်နဲ့ ရေတပ်အင်အား ၆၀၀၀ လောက်ရှိတယ်။ ကရိုင်းမီးယားကို ရုရှားတပ်ဖွဲ့ တွေက အပြည့်အဝ ထိန်းချုပ်ထားတယ်" ဟု စီနီယာ အမေရိကန်အစိုးရ အရာရှိကြီးတစ်ဦးက ပြောကြားသည်။

ယူကရိန်း ကြားဖြတ်အစိုးရ ဝန်ကြီးချုပ်သစ် အာဆန်နီယတ်ဆန်နွတ်က ယခုကိစ္စသည် အန္တရာယ် အလွန်နီးကပ်နေသည် ဟူသော နောက်ဆုံး သတိပေးချက်တစ်ရပ် ဖြစ်ပြီး ခြိမ်းခြောက်မှု အဆင့် မဟုတ်တော့ကြောင်း ပြောကြားပြီး "ကျွန်တော်တို့တစ်တွေ အန္တရာယ် နှုတ်ခမ်းဝကို ရောက်နေပါပြီ" ဟု မှတ်ချက်ပေးသည်။

ယူကရိန်း ကြားဖြတ်အစိုးရသစ်က ရုရှားတပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းပြီး နိုင်ငံတကာ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ရန် တိုက်တွန်း ပြောကြားသော်လည်း ရုရှားဝန်ကြီးချုပ် ဒီမစ်ထရီမီဒီဒက်ဗ်က ယူကရိန်းသမ္မတ ဗစ်တာယန်နူကိုဗစ်ခ်ျကို ဖြုတ်ချကာ ကြားဖြတ်အစိုးရသစ် ဖွဲ့စည်းမှုသည် အာဏာလုယူမှုတစ်ရပ် ဖြစ်ကြောင်း ပြောဆိုထားသည်။

"ယူကရိန်းရဲ့ ဥပဒေစိုးမိုးမှုဟာ အလွန်အမင်း လှုပ်ယမ်းနေတယ်။ တော်လှန်ရေးသစ် တစ်ခုနဲ့ အဆုံးသတ်ရလိမ့်မယ်" ဟု ရုရှားဝန်ကြီးချုပ် မီဒီဒက်ကဆိုသည်။

အနောက်နိုင်ငံများမှ အစိုးရ အရာရှိကြီးများက ယူကရိန်း၊ ကရိုင်းမီးယားဒေသကို ရုရှားစစ်တပ်က စစ်ရေးဖြင့် ကျူးကျော် ဝင်ရောက်မှုမှာ ရှင်းရှင်းလင်းလင်း မရှိသေးကြောင်း ပြောကြားသည်။

ယူကရိန်း အကျပ်အတည်း ပြဿနာနှင့် ပတ်သက်၍ ယင်းနိုင်ငံသို့ သွားရောက်ရန် ပြင်ဆင်လျက်ရှိသည့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ရုရှား၏ အပြုအမူသည် အံ့မခန်းဖြစ်စေသည့် ရန်ပြုမှုတစ်ရပ်ပင် ဖြစ်ကြောင်း ပြစ်တင်ပြောဆိုပြီး အကယ်၍ ရုရှားတပ်ဖွဲ့များ ရုပ်သိမ်းမှု မပြုလုပ်ပါက အနောက်နိုင်ငံများက ရုရှားကို စီးပွားရေးအရ အထီးကျန်ဖြစ်ရေး အတွက် လုပ်ဆောင်သွားရန် ပြင်ဆင်ထားကြကြောင်း ပြောကြားသည်။

ယူကရိန်း၏ ကရိုင်းမီးယားဒေသသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခု ဖြစ်ပြီး ရုရှားဘာသာစကား ပြောဆိုကာ သမ္မတဗလာဒီမာပူတင်နှင့် ရုရှားအစိုးရကို ထောက်ခံသူ အများဆုံး နေထိုင်လျက်ရှိသည်။

ကုလသမဂ္ဂဆိုင်ရာ ယူကရိန်းသံအမတ်ကြီး ယူရီဆာဂျီယက်က ၄င်း၏ တိုင်းပြည်အတွက် သံမတန်ရေးရာ ထောက်ပံ့မှုများ လိုအပ်လျက်ရှိသည်ဟု ပြောကြားပြီး ယူကရိန်းသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်ဟူသော အချက်ကို ထုတ်ဖော်ပြသမည် ဖြစ်သည်ဟု အသိပေး ပြောဆိုသည်။

ဤအတောအတွင်းမှာပင် ယူကရိန်းက လိုအပ်ပါက စစ်ရေးအရ အကူအညီပေးရန် တောင်းဆိုခြင်း ခံထားရသော နေတိုး အဖွဲ့၏ အထွေထွေအတွင်းရေးမှူးက ရုရှား၏ လုပ်ရပ်သည် ကုလသမဂ္ဂ ပဋိညာဉ်ကို ဖောက်ဖျက်ခြင်း ဖြစ်ပြီး နိုင်ငံတကာဥပဒေ စည်းမျဉ်းစည်းကမ်းများ နှင့်လည်း ကိုက်ညီမှု မရှိကြောင်း ပြောကြားသည်။

ကမ္ဘာ့ခေါင်းဆောင်များနှင့် လေ့လာစောင့်ကြည့်သူ အများစုကမူ ယူကရိန်း ကိစ္စကို စစ်ရေးဖြင့် ဝင်ရောက်ဖြေရှင်းရန် ရုရှား၏ ဆုံးဖြတ်ချက်က စစ်အေးခေတ် နောက်ပိုင်း အကြီးမားဆုံးသော နိုင်ငံတကာ အကျပ်အတည်းကြီး တစ်ခု ဖြစ်ပေါ်လာစေနိုင်သည်ဟု မှတ်ချက်ပေး ပြောဆိုကြကြောင်း Independent သတင်းစာက ရေးသားဖော်ပြသည်။

The Voice Weekly