မိုဘိုင်းငွေကြေးလုပ်ငန်းများ လုပ်ကိုင်ရန် ဆောင်ရွက်ပေးလျက်ရှိ

ပို့စ်တင်ချိန် - 3/04/2014 07:12:00 PM


မိုဘိုင်းငွေကြေးလုပ်ငန်း (Mobile Money) များအား လုပ်ကိုင်နိုင်ရန်အတွက် ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားသည်။

မိုဘိုင်းငွေကြေးလုပ်ငန်းအား အကောင်အထည်ဖော်ရာတွင် ဗဟိုဘဏ်နှင့် အဓိကဆောင်ရွက်ရခြင်းဖြစ်ပြီး ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးရမည့်အပိုင်းများကို ပြုလုပ်ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။ “ Mobile Money က ဗဟိုဘဏ်နဲ့ အဓိက လုပ်ရတာလေ။ ဒီတော့ ကျွန်တော်တို့ စိစစ်တယ်။ ဆွေးနွေးတယ်။ လုံလောက်တယ်ဆိုရင် ခုချိန်မှာ ဥပဒေမရှိသေးလို့ မပေးဘူးဆိုတာမျိုးအစား ကန့်ကွက်ရန်မရှိပါ ဆိုတာမျိုးကို စာထုတ်ပြီးတော့ လုပ်ပေးနေတယ်” ဟု ပြောကြားသည်။ လက်ရှိဘဏ် အများအပြားအား ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။ “အခုဆိုရင် အင်းဝဘဏ်အပါအဝင် ငါးခု၊ ခြောက်ခုရှိသွားပြီ။ ခုလောလောဆယ် လျှောက်ထားတဲ့ ဘဏ်ငါးခု၊ ခြောက်ခုက ပြည်တွင်းချည်းပဲ” ဟု ပြောကြားသည်။ မိုဘိုင်းဖုန်း သုံးစွဲမှုများပြားလာသည်နှင့်အမျှ မိုဘိုင်းငွေကြေး ဆောင်ရွက်မှုလုပ်ငန်းများ၊ မိုဘိုင်းဘဏ် (Mobile Banking) လုပ်ငန်းများလည်း တွင်ကျယ်လာမည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်းများ ဆောင်ရွက်မည့် ဘဏ်များ၊ ကုမ္ပဏီများမှ တာဝန်ရှိသူတို့က သုံးသပ်ပြောကြားသည်။ “ဖုန်းသုံးစွဲသူနည်းရင် မိုဘိုင်းဘဏ်စနစ်လည်း နည်းတာပေါ့။ ဖုန်းမရှိရင် သုံးလို့မရဘူးလေ။ လူတိုင်းဖုန်းကိုင်နိုင်မယ်ဆိုလို့ရှိရင် လူတိုင်းဟာ အကောင့်ဖွင့်မယ်။ ဖွင့်ပြီးဘဏ်စနစ်ဆော့ဖ်ဝဲကို အဲဒီဖုန်းလေးထဲမှာ ထည့်ထားမယ်။ မုန့်ဟင်းခါးစားမယ် ငါးရာကျရင် အဲဒီပိုက်ဆံကို မိုဘိုင်းဖုန်းထဲကနေပို့လို့ရမယ်။ လူတွေဟာ ပိုက်ဆံမကိုင်တော့ဘူး။ လူတိုင်းဟာ ဘဏ်မှာ အကောင့်ဖွင့်ရမှာဖြစ်တဲ့အတွက်လည်း ဘဏ်ဆီကနေ အတိုးရမယ်” ဟု သမဝါယမဘဏ်၏ ဒုတိယ အထွေထွေမန်နေဂျာ ဦးဦးသိန်းမြင့်က ပြောသည်။

နည်းပညာကုမ္ပဏီပေါင်း ရှစ်ဆယ်ကျော်ဖြင့် စတင်ဖွဲ့စည်းထားသော MTI ကုမ္ပဏီလည်း မြန်မာနိုင်ငံသားများဘဏ်နှင့် ပူးပေါင်းကာ မိုဘိုင်းငွေကြေးလုပ်ငန်း (Mobile Money) ကို ဆောင်ရွက်ရန် စီစဉ်လျက်ရှိပြီး လာမည့်သင်္ကြန်ကာလပြီးနောက်ပိုင်း မေလခန့်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း MTI ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင် ဦးထွန်းထွန်းနိုင်က ပြောကြားခဲ့ဖူးသည်။ မိုဘိုင်းငွေကြေးလုပ်ငန်းကို ဘဏ်တစ်ခုနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန် စီစဉ်လျှက်ရှိကြောင်း RedLinks ကုမ္ပဏီ၏ Vice Chairman ဦးသိန်းသန်းတိုးကလည်း ပြောကြားခဲ့သည်။ “လက်ရှိ Myan Pay အွန်လိုင်းငွေပေးချေမှုစနစ်အနေနဲ့လည်း ဒီမိုဘိုင်းငွေကြေးလုပ်ငန်း၊ မိုဘိုင်းဘဏ်လုပ်ငန်းတွေကို စောင့်နေတာပါ။ လက်ရှိ Myan Pay စနစ်ကို အသုံးပြုတဲ့အခါ ငွေပေးချေမှုအတွက် ဘဏ်တွေမှာရှိတဲ့ အကောင့်ဆီက တစ်ဆင့်ငွေလွှဲရတာဖြစ်ပါတယ်။ ဒီစနစ်တွေပေါ်လာရင် ဘဏ်ကိုသွားလွှဲစရာမလိုဘဲ မိမိတို့ရဲ့မိုဘိုင်းဖုန်းတွေကနေတစ်ဆင့် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” ဟု Myan Pay ငွေပေးချေမှုလုပ်ငန်းမှ ဦးရန်နောင်စိုးက သုံးသပ်ပြောကြားသည်။

အဆိုပါစနစ်များ ပေါ်ပေါက်လာခြင်းအားဖြင့် ကိုယ်စားလှယ်များဆီမှတစ်ဆင့် အလွယ်တကူငွေလွှဲပေးပို့နိုင်ခြင်း၊ ဘဏ်များထံ တိုက်ရိုက်သွားရောက်စရာမလို၍ အချိန်ကုန်သက်သာခြင်းစသည့် အားသာချက်အများအပြား ရရှိနိုင်မည်ဖြစ်ကြောင်း ဦးရန်နောင်စိုးက ဆက်လက်ပြောကြားသည်။ မိုဘိုင်းငွေကြေးလုပ်ငန်းများ၊ မိုဘိုင်းဘဏ် လုပ်ငန်းများ တွင်ကျယ်လာသည်နှင့်အမျှ အွန်လိုင်းပေါ်မှငွေပေး၊ ငွေချေပြုလုပ်ခြင်းများလည်း တွင်ကျယ်လာမည် ဖြစ်သည်ဟု သိရသည်။



ထွန်းထွန်း
Internet Journal