မုံရွာမြို့နယ်တွင် ဆိုင်ကယ်စီးလာသူ လူတစ်ဦး ဓားဖြင့် ၂၁ ချက်ခုတ်ခံရသဖြင့် သေဆုံး (ဓာတ်ပုံအစစ်ပါသည်၊ ကြောက်လန့်တတ်သူများ မကြည့်ပါနှင့်)

ပို့စ်တင်ချိန် - 3/04/2014 10:15:00 PM



သတင်း + ဓာတ်ပုံ = ကိုတိုးကြီး ( မဇ္ဈိမ)
မုံရွာ၊ မတ် ၎
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဆားကျင်းကျေးရွာတွင် ဆိုင်ကယ်စီးနင်းလာသူ လူတစ်ဦး ဓားဖြင့် ၂၁ ချက်ခုတ်ခံ ရသဖြင့် ယခုလ ၄ ရက်နေ့မနက် ၄ နာရီအချိန်တွင် မုံရွာပြည်သူ့ဆေးရုံကြီးပေါ်တွင် သေဆုံးသွားခဲ့ကြောင်း မုံရွာမြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်ညွှန့်ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယခုလ ၃ ရက်နေ့ည ၁၀ နာရီခွဲအချိန်က ဆားကျင်းကျေးရွာနေ ကိုသန်းစိုး အသက်(၂၈) ဆိုသူသည် အရက်သေစာသောက်စားပြီးနောက် အရက်ဝိုင်းမှ ဒေါ်အေးစီ၏ နေအိမ်သို့ ဆိုင်ကယ်ဖြင့်သွားရောက်ခဲ့ပြီး ထွန်းလွင် (ခ)နတ်ဆိုး ဆိုသူနှင့်ပတ်သက်၍ ယခင်က ရန်ကြွေးအား ကျေးနပ်မှုမရှိကြောင်း ထိုသူ၏ ဇနီးဖြစ်သူထံပြောဆိုခဲ့ရာ ဇ နီးဖြစ်သူမှ သူမ၏ ခင်ပွန်းဖြစ်သူကို တဆင့်ပြန်လည်ပြောပြရာ ထွန်းလွင်(ခ) နတ်ဆိုး ဆိုသူမှ နေအိမ်ရှိ အရိုးအသွား (၂)ပေ၊ (၄)လက္မရှိ ဓားရှည်တစ်ချောင်းဖြင့် ဆိုင်ကယ်စီးနင်းလာသည့် ကိုသန်းစိုးအား ခုတ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ကိုသန်းစိုးမှာ ဒေါ်အေးစီ၏ နေအိမ်ရှေ့လမ်းပေါ်တွင် ဓားဒဏ်ရာများဖြင့် လဲနေသည့်အတွက် မုံရွာပြည်သူ့ ဆေးရုံကြီး အရေးပေါ်လူနာကုသရေးဌာနသို့ပို့ဆောင်၍ ဆေးကုသခဲ့ရာ ယခုလ မနက် ၄ နာရီအချိန်တွင် သေဆုံး သွားခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ ကိုသန်းစိုးအား မှုခင်းဆေးပညာအရ ဆက်လက်၍ စစ်ဆေးဆောင်ရွက်ရာတွင် ယာဘက် လည်ပင်း၊ ပါးစပ်၊ နုတ်ခမ်း၊ မေးစေ့၊ ပခုံး၊ နဖူး၊ ဂျိုးစောင်း၊ ရင်ဘတ်၊ လက်ချောင်းစသည့်နေရာများတွင် ပြတ်ရှဒဏ်ရာ ၂၁ ချက် ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ယနေ့မနက် ၁၁ နာရီအချိန်က မှုခင်းဆေးဆရာဝန်ကြီး၏ စစ်ဆေးပေါ်ချက်များအရ သိ ရသည်။
ထို့ကြောင့် အိမ်ရှင်ဖြစ်သူ ဒေါ်အေးစီမှ မုံရွာမြို့မရဲစခန်းသို့ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ရဲစခန်းက ၊(ပ) ၆၄/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၂၆ အရ မူလက အမှုရေးဖွင့်ထားခဲ့သော်လည်း ဓားခုတ်ခံရသူမှာ သေဆုံးသွားသည့်အတွက် ပြစ်မှုပုဒ်မ ၃၂၆ မှ ၃၀၂သို့ အမှုအားပြောင်းလဲ ရေးဖွင့်ခဲ့ကြောင်း သိရသည်။
မှတိချက်။ ဤ ဓာတ်ပုံသည် သတင်းစာကျင့်ဝတ်များအရ ဖော်ပြရန် သင့်လျော်မှုမရှိသော်လည်း မှုခင်းကျဆင်းရေးအတွက် အရေးပါမည်ဟု ယုံကြည်မိရသဖြင့်အကြိမ်ကြိမ်အခါခါ ဆင်ခြင်သုံးသပ်ပြီးမှ ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။
( ရာဇ၀တ်ဘေး ပြေးမလွှတ်)
ကိုတိုးကြီး