ဖားကန့်ဒေသတွင် ရေအရင်းအမြစ်များ ပျက်စီးပြီး ရေပိုမိုခက်ခဲလာ

ပို့စ်တင်ချိန် - 3/04/2014 11:15:00 PM

ဖားကန့်ဒေသအတွင်းရှိ ရေကန်တစ်ခု ဓာတ်ပုံ− မရန်

ဖားကန့်မြို့တွင် ရေထွက်သည့် တောင်များအား တူးဖောက်လိုက်သည့်အတွက် တစ်နှစ်ထက် တစ်နှစ် ရေအရင်းအမြစ် ရှားပါးလာပြီး ယခုအချိန်တွင် သောက်သုံးရေအခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။

 ‘‘ရေအရမ်းခက်တယ်။ တစ်ပုံးရဖို့ အကြာကြီးစောင့်ရတယ်။ ပိုက်ဆံရှိတဲ့သူတွေတော့ ၀ယ်သုံးကြတယ်။ တစ်ပီပါကို ၃၀၀၀ ပေးပြီး ၀ယ်ရတယ်။ ဖားကန့်မြို့ဆို အပြင်ထွက်တာနဲ့ ဖုံတွေချည်းပဲ။ အိမ်ပြန်လာပြီး ရေချိုးမယ်လုပ်လည်း ရေမရှိဘူး။ အရမ်းစိတ်ညစ်ဖို့ကောင်းတယ်’’ဟု ဖားကန့်မြို့ဒေသခံ ကိုဆိုင်းအောင်က ဆိုသည်။
         
ဖားကန့်ဒေသခံများသည် သောက်ရေအဖြစ် ရေသန့်ဝယ်ယူသုံးစွဲကာ သုံးရေများကို တစ်ပီပါလျှင် ကျပ် ၃၀၀၀ ပေး၍ ၀ယ်ယူသုံးစွဲနေကြရသည်။
         
ယခုကဲ့သို့ ဖားကန့်မြို့ ရေရှားပါးလာသည်မှာ ၁၀ နှစ်ခန့် ရှိပြီဖြစ်ကြောင်း ဖားကန့်မြို့ ကချင် နှစ်ခြင်းသင်းအုပ်ဆရာတစ်ဦးကဆိုသည်။ ယခင်က တောင်ကျရေများကျသည့် တောင်များကို အကုန် တူးလိုက်သည့်အတွက် ယခုကဲ့သို့ ရေရှားပါးလာခြင်းဖြစ်ကြောင်း သင်းအုပ်ဆရာက ဆက်လက်ပြောကြားသည်။
         
ဖားကန့်မြို့နယ်ရှိ ဒေသခံများသည် ယခင်က ဥရုချောင်းရေကို အသုံးပြုလျက်ရှိသော်လည်း ယခုအချိန်တွင် ထိုချောင်းရေမှာ ညစ်ပတ်နေသည့်အတွက် အသုံးပြု၍မရတော့ဘဲရှိသည်။
         
ဖားကန့်မြို့တွင် ဒေသခံပြည်သူများနှင့် မြန်မာနိုင်ငံအနှံ့မှ ကျောက်တူးသမားများ လူဦးရေ စုစုပေါင်း (၂) သိန်းခန့် နေထိုင်လျက်ရှိသည်။

Author: အောင်ခိုင် / မရန်
7day Daily