မျိုးစောင့်ဥပဒေ လေးခုအနက် နှစ်ခုကို အုပ်ချုပ်ရေးမဏ္ဍိုင်က ရေးဆွဲမည်ဖြစ်ပြီး ကျန်ဥပဒေ နှစ်ခုအတွက် လွှတ်တော်က တရားစီရင်ရေးမဏ္ဍိုင်နှင့် တိုက်ရိုက်လုပ်ရမည့် ကိစ္စဖြစ်သည်ဟု သမ္မတက လွှတ်တော်သို့ အကြောင်းပြန်

ပို့စ်တင်ချိန် - 3/08/2014 12:23:00 PM

မတ် ၇ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်

မျိုးစောင့်ဥပဒေ လေးခုအနက် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို အုပ်ချုပ်ရေးအဖွဲ့က ရေးဆွဲမည်ဖြစ်ပြီး လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေတို့သည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် ဆက်နွှယ်သက်ဆိုင်သဖြင့် ယင်းက တာဝန်ယူရေးဆွဲရန် ဖြစ်ပါက ပြည်ထောင်စု လွှတ်တော်က တိုက်ရိုက်ဆက်သွယ်ရမည့် ကိစ္စဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ မတ် ၆ ရက် ရက်စွဲဖြင့် အကြောင်းပြန်စာ ပေးပို့ထားကြောင်း သိရသည်။

သာသနာရေး ၀န်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနနှင့် သက်ဆိုင်သည့် အဆိုပါဥပဒေနှစ်ခုကို အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းနှင့် ပြင်ပရှိ ဥပဒေပညာရှင်များ၊ ဘာသာရပ်ကျွမ်းကျင် သူများနှင့် ယဉ်ကျေးမှုဓလေ့ထုံး ကျွမ်းကျင်သူများ ပါဝင်သည့် ဥပဒေကြမ်း ရေးဆွဲရေးကော်မရှင် ဖွဲ့စည်းရေးဆွဲမည် ဖြစ်ကြောင်း သ၀ဏ်လွှာတွင် ထည့်သွင်းအကြောင်း ပြန်ကြားသည်။

လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေတို့ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဆက်လက်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုလွှတ်တော်က အကြောင်းကြားပေးပို့ထားပြီး ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယကက ပြောကြားသည်။

နိုင်ငံတော်သမ္မတက နိုင်ငံတစ်ဝန်းရှိ သံဃာတော်များ အပါအ၀င် နိုင်ငံသား ၁၃၃၅၆၀၀ တို့က လက်မှတ်ရေးထိုးကာ အမျိုးဘာသာသာသနာကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးအတွက် အဆိုပါ ဥပဒေလေးခုအား ပြဋ္ဌာန်းပေးရန် အမျိုးဘာသာ သာသနာစောင့်ရှောက်အဖွဲ့ (ဗဟို) ၏ တိုက်တွန်းချက်ကို လိုအပ်ပါက ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရေးအတွက် လွှတ်တော်တွင် ဆောင်ရွက်နိုင်ရန် ဖေဖော်ဝါရီ ၂၅ ရက် ရက်စွဲဖြင့် ပြည်ထောင်စု လွှတ်တော်ထံသို့ ပေးပို့ခဲ့သည်။

နိုင်ငံတော်သမ္မတက ပေးပို့သောသ၀ဏ်လွှာပါ ဥပဒေလေးခုဖြစ်သည့် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများနှင့်ပတ်သက်၍ သာသနာရေး ၀န်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့ အနေဖြင့် ဥပဒေမူကြမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ စိစစ်ချက်ဖြင့် လွှတ်တော်သို့ ပြန်လည်တင်ပြရန် ဖေဖော်ဝါရီ ၂၇ ရက်က နိုင်ငံတော်သမ္မတထံသို့ သ၀ဏ်လွှာပြန်လည် ပေးပို့ခဲ့နောက် သမ္မတက ယခုကဲ့သို့ သ၀ဏ်လွှာ ပြန်လည် ပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါဥပဒေကြမ်းများ လွှတ်တော်သို့ ရောက်ရှိပါက ပြည်ထောင်စုလွှတ်တော် အနေဖြင့် နိုင်ငံတော် တိုင်းရင်းသားများနှင့် နိုင်ငံသားများ အကျိုးစီးပွား အမှန်တကယ်ရရှိရေး အလေးထား စဉ်းစားသုံးသပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက မတ် ၆ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

Eleven Media Group