YouTube နှင့် Facebook ကိုပိတ်မည်ဟု တူရကီဝန်ကြီးချုပ် သတိပေး

ပို့စ်တင်ချိန် - 3/08/2014 12:23:00 PM


ဥရောပသမဂ္ဂသို့ ဝင်ခွင့်ရရန် ညှိနှိုင်းလျက်ရှိသော တူရကီနိုင်ငံတွင် ဝန်ကြီးချုပ် ရီဆက်ပ်တေရစ်အာဒိုဂန်က ၎င်း၏ အစိုးရသည် YouTube နှင့် Facebook ကဲ့သို့ လူသုံးများသည့် လူမှုကွန်ရက် မီဒီယာများကို ပိတ်ပစ် လိုက်နိုင်သည်ဟု သတိပေးခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

လူမှုကွန်ရက် မီဒီယာများတွင် အစိုးရ အရာရှိများ၏ လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များ သတင်းတက်မှု အရှိန်မြင့် လာပြီးနောက် ထိုသို့ ဝန်ကြီးချုပ်၏ ပြောဆိုမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဥရောပသမဂ္ဂသို့ ဝင်ခွင့်ရလိုပါက လူ့အခွင့်အရေးဆိုင်ရာ လိုအပ်ချက်များ ပြည့်မီအောင် လုပ်ဆောင်ရမည့် အချိန်တွင် တူရကီအစိုးရက ယခင်ကတည်းက အင်တာနက်ကို ထိန်းချုပ်လိုသော အပြုအမူများ ပြုလုပ်ခဲ့သဖြင့် ပြည်တွင်းရော ပြည်ပမှာပါ ဝေဖန်မှုများ ခံရလျက် ရှိသည်။

“မတ်လ ၃၀ ရက်နေ့ နောက်ပိုင်းမှာ ပြုလုပ်မယ့် အဆင့်တွေ ရှိပါတယ်။ အဲဒီအထဲမှာ YouTube နဲ့ Facebook ကို သုံးခွင့်မပေးတော့မယ့် အစီအစဉ်လည်း ပါဝင်ပါတယ်” ဟု ဝန်ကြီးချုပ် အာဒိုဂန်က ပြည်တွင်း ရုပ်သံလိုင်း တစ်ခုနှင့် ပြုလုပ်သော အင်တာဗျူးတွင် ပြောကြားသွားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဝန်ကြီးချုပ် အာဒိုဂန်နှင့် ၎င်း၏သားတို့ မိသားစုပိုင် ပိုက်ဆံငွေများ မည်သို့မည်ပုံ ဝှက်ထားရမည်ကို တိုင်ပင်နေသည့် အသံဖိုင် အင်တာနက်ပေါ်သို့ ပေါက်ကြားပျံ့နှံ့ သွားခဲ့သေးသည်။

ဝန်ကြီးချုပ် အာဒိုဂန်၏ တရားမျှတမှု နှင့်ဖွံဖြိုးရေး ပါတီသည်လည်း ဖိအားများစွာ ရင်ဆိုင်ရလျက် ရှိသည်။

မတ်လ ၃၀ ရက်နေ့တွင် တူရကီ ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး ယခု အင်တာနက်ပေါ်မှ ပျံ့နှံ့နေသည့် အကျင့်ပျက် ခြစားမှုများသည် နိုင်ငံရေး ပြိုင်ဘက်များက စီမံပြုလုပ်သော ချောက်ချမှုများ ဖြစ်သည်ဟု တူရကီ ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် အာဒိုဂန်၏ အစိုးရသည် အဆင့်မြင့် အရာရှိများ အကျင့်ပျက်ခြစားမှု များကြောင့် လူထုထောက်ခံမှု ကျဆင်းလျက်ရှိကာ ဝန်ကြီးချုပ်နှင့် နီးစပ်သော နိုင်ငံရေးနှင့် စီးပွားဖက်များ၏ အကျင့်ပျက်မှုများလည်း ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာခဲ့သည်။

ထို့ပြင် တူရကီတွင် မြို့တော်ကြီးများ ချဲ့ထွင်ရာမှ ရွှေ့ပြောင်းပေးရသော ဒေသခံများ အရေးကလည်း ကိုင်တွယ်ရ ခက်ခဲလျက်ရှိကာ ဆန္ဒပြပွဲများ မြို့တော် အစ္စတန်ဘူလ်တွင် ဖြစ်ပွားခဲ့သည်။

အင်တာနက်ကို ထိန်းချုပ်ရန် ကြိုးစားခြင်းသည် ဒီမိုကရေစီနှင့် ဆန့်ကျင်သော လုပ်ရပ် ဖြစ်သောကြောင့် ဒီမိုကရေစီ အသက်ဝင်စစ်မှန်မှ ဥရောပသမဂ္ဂထဲ ဝင်ခွင့်ပေးမည့် မူဝါဒ များကြောင့် တူရကီ၏ ဥရောပသမဂ္ဂ အဖွဲ့ဝင်ဖြစ်ရေးက အလှမ်းဝေးနေမည့် အလားအလာ ရှိသည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

The Voice Weekly