ယူကရိန်း အကျပ်အတည်းကို သံတမန်ရေး နည်းလမ်းဖြင့် ဖြေရှင်းရန် ပူတင်ကို အိုဘားမား တိုက်တွန်း

ပို့စ်တင်ချိန် - 3/08/2014 02:30:00 PM


ဝါရှင်တန်၊ မတ် ၇

ယူကရိန်း အကျပ်အတည်းနှင့် ပတ်သက်၍ သံတမန်ရေး နည်းလမ်းဖြင့် ဖြေရှင်းရန် အမေရိကန်သမ္မတ အိုဘားမားက ရုရှားသမ္မတ ဗလာဒီမာပူတင်ကို တိုက်တွန်း လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတ အိုဘားမားနှင့် ရုရှားသမ္မတ ပူတင်တို့ တယ်လီဖုန်းဖြင့် အချိန်အတော်ကြာ စကားပြောဆိုရာတွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ယင်းကဲ့သို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

ထို့အတူ အမေရိကန်-ရုရှားဆက်ဆံရေးသည် ယူကရိန်းအရေး သဘောထား ကွဲလွဲရုံဖြင့် ထိခိုက်မှု မရှိသင့်ကြောင်း အမေရိကန်သမ္မတ အိုဘားမားကို ရုရှားသမ္မတ ပူတင်က ပြောကြားသည်။

ကရိုင်းမီးယားဒေသကို ယူကရိန်းမှ ခွဲထွက်၍ ရုရှား ပြည်ထောင်စုအတွင်း ဝင်ရန် ကရိုင်းမီးယား ပါလီမန်က ကြာသပတေးနေ့က ဆုံးဖြတ်လိုက်ပြီးနောက် ယူကရိန်း အကျပ်အတည်းမှာ ပိုမိုတင်းမာလျက် ရှိသည်။

ကရိုင်းမီးယားဒေသသို့ ရုရှားတပ်ဖွဲ့များ ဝင်ရောက်လာခြင်းသည် ယူကရိန်း အချုပ်အခြာ အာဏာကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက ပြောကြားကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတ အိုဘားမားနှင့် ရုရှားသမ္မတ ပူတင်တို့အကြား ယခု တယ်လီဖုန်းဖြင့် ဆက်သွယ် စကားပြောဆိုခြင်းသည် ယခုသီတင်းပတ် အတွင်း ဒုတိယအကြိမ်မြောက် စကားပြောဆိုခြင်းလည်း ဖြစ်သည်။

ကရိုင်းမီးယားဒေသကို ယူကရိန်းမှ ခွဲထွက်၍ ရုရှား ပြည်ထောင်စုအတွင်း ဝင်ရောက်သည့် ကိစ္စကို မတ်လ ၂၆ ရက်နေ့တွင် လူထုဆန္ဒ ခံယူပွဲ ကျင်းပမည် ဖြစ်ရာ ယင်းဆန္ဒခံယူပွဲသည် ယူကရိန်း အခြေခံဥပဒေနှင့် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက ပြောကြားသည်။

ထို့အတူ ကရိုင်းမီးယားဒေသကို ယူကရိန်းမှ ခွဲထွက်ရေး ဆန္ဒခံယူပွဲသည် တရားဥပဒေနှင့် ညီညွတ်ခြင်း မရှိဘဲ ယူကရိန်း ပြည်သူများ၏ အလိုဆန္ဒနှင့်လည်း ဆန့်ကျင်ကြောင်း ယူကရိန်း ကြားဖြတ် အစိုးရအဖွဲ့ သမ္မတ အိုလက်စ်ဇန္ဒာတာချေနော့ဗ်က ပြောကြားသည်။

ယူကရိန်း ဖွဲ့စည်းပုံ အခြခံဥပဒေ ပုဒ်မ ၇၃ အရ နယ်စပ်ဒေသများ အရေးနှင့် ပတ်သက်ပါက ယူကရိန်း တစ်နိုင်ငံလုံး၏ လူထုဆန္ဒ ခံယူပွဲ ကျင်းပရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

သို့သော် ကရိုင်းမီးယားက လက်ရှိ ယူကရိန်း အစိုးရကို တရားဝင် အစိုးရဟု သတ်မှတ်ခြင်း မရှိဘဲ ကရိုင်းမီးယားသည် ယခုအခါ ရုရှား ပြည်ထောင်စုအတွင်း ရောက်ရှိသွားပြီ ဖြစ်ကြောင်း ကရိုင်းမီးယားဒေသ အစိုးရအဖွဲ့၏ ပထမ လက်ထောက် ဝန်ကြီးချုပ် ရူစတန်တန်မီယာဂယ်လိဗ်က ပြောကြားသည်။

The Voice Weekly Myanmar