အလောင်းတော်ကဿပ ဘုရားဖူးရာသီလမ်းပိတ်ပြီ ဖြစ်၍ ဘုရားဖူးများ မလာကြရန် မေတ္တာရပ်ခံ

ပို့စ်တင်ချိန် - 4/23/2014 10:52:00 AM


မုံရွာ ၊ ၂၂-၄-၂၀၁၄

ယခုနှစ်၏ ဘုရားဖူးရာသီ အဖြစ် ဖွင့်လှစ်ထားသော အလောင်းတော် ကဿပ ဘုရား ရင်ပြင်တော် နှင့် လိုဏ်ဂူတော်အား သင်္ကြန်အပြီး ဧပြီလ ၂၆ ရက်တွင် ပိတ်သိမ်းမည် ဖြစ်ကြောင်း ဖိုလ်ဝင်တောင် ဆရာတော်ကြီး ထံမှ သိရသည်။

ဧပြီလ ၂၆ ရက်မှစ၍ ပိတ်သိမ်းမည် ဖြစ်သောကြောင့် သင်္ကြန်အပြီး ကာလမှစ၍ ဈေးဆိုင်ခန်းများ သိမ်းဆည်းပြီး ဖြစ်သလို လိုဏ်ဂူအတွင်း အဆင်း အတက် ပြုလုပ်သော စတီးလက်ရန်း လှေကားများ ၊ လိုဏ်ဂူတော် အတွင်း အသုံးအဆောင် များကိုလည်း ဖြုတ်သိမ်း ထားပြီးဖြစ်ရာ မြန်မာနိုင်ငံ အနှံ့အပြား မှ ဘုရားဖူးများ အနေဖြင့် နောင်လာမည့် ဘုရားဖူး ရာသီ ရောက်မှသာ လာရောက် ဖူးမြော်ကြရန် ဆရာတော်ကြီး က မေတ္တာ ရပ်ခံ ထားသည်။

သင်္ကြန်အပြီး ရာသီသည် အစိုးမရသည့် မိုးများ ရွာသွန်း လာတတ်ခြင်း ၊ ရာသီဥတု ဖောက်ပြန်ခြင်းများ ကြုံတွေ့နိုင်ရာ တောလမ်းအဖြစ် သွားရသော အလောင်းတော် ကဿပ ရာသီလမ်းသည် မြေသားလမ်း ဖြစ်သည့်အတွက် ရွှံ့ထူကာ အန္တရာယ် များလှ သောကြောင့် ရပ်ဝေးမှ ပိတ်သိမ်းသည့် အချိန် မသိရှိသူများ အနေဖြင့် ဧပြီလ ၂၆ ရက်တွင် လုံးဝ ပိတ်သိမ်းမည်ကို သိရှိရန် အထူး လိုအပ်လှကြောင်း ၊ ထို့အတူ သတင်းစာ အသီးသီးတွင် ကြော်ငြာ ထားသည့် ဘုရားဖူးကား အသင်းများ အနေဖြင့်လည်း ကြိုတင် သိရှိထားရန် အထူး လိုအပ်ကြောင်း ဘုရား ဂေါပက အဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဌေး ထံမှ သိရသည်။

" ကျွန်တော်တို့က မော်တော်ကား တွေ ဒီအချိန်မှာ သွားရင် မိုးရွာပြီး ပိတ်မိ နေမှာ စိုးတာပါ ၊ ကောင်းလှ ပါတယ်လို့ ပြောတဲ့ ဒီနှစ် ဖွင့်လှစ်ပြီး အချိန်မှာတောင် ရာသီမဟုတ် မိုးရွာတော့ ခရီးသွားတွေ အချိန် အနည်းငယ် ပိတ်မိနေလို့ ဒေသခံတွေ ကူညီ ခဲ့ကြရ ပါသေးတယ် ၊ အခု ဖြစ်ရင် အလောင်းတော် ကဿပ မှာလဲ ဂေါပက အဖွဲ့ မရှိတော့သလို လုံခြုံရေး အဖွဲ့တွေလဲ သိမ်းလိုက်ပြီ ဖြစ်လို့ မလာကြ တော့ဖို့ ဆရာတော်ကြီး က မေတ္တာရပ်ခံ ထားပါတယ် ..... " ဟု ၄င်းက ပြောပြသည်။
 ( မျိုးဝင်းထွန်း - မုံရွာ )

Pyi Chit Thar