ချင်းတွင်းတံတား(မုံရွာ)တွင် ကားတစ်စီးတိမ်းမှောက် ၃ ဦးသေ ၁၁ ဦးဒဏ်ရာရ

ပို့စ်တင်ချိန် - 4/23/2014 11:06:00 AM


ကိုတိုးကြီး

ယင်းမာပင်၊ မဇ္ဈိမ။ ။ ချင်းတွင်းတံတား(မုံရွာ)တွင် ဒိုင်နာယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် သုံးဦးသေဆုံးခဲ့ပြီး ၁၁ ဦးဒဏ်ရာရရှိသွားသည့် ဖြစ်စဉ်တစ်ခု ဧပြီလ ၂၂ ရက်
ညနေ ၅ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်ဟု အမှတ်(၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မုံရွာဒု-တပ်ဖွဲ့ခွဲရုံး၏ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ - ယာကြီး - ကလေးဝ အဝေးပြေး ကားလမ်းမကြီးပေါ်ရှိ ချင်းတွင်းမြစ်ကူးတံတား၏ အနောက်ဘက် တံတားချင်းကပ်နေရာတွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“တိမ်းမှောက် ဒိုင်နာယာဉ်က လက်ဝဲဘက်မှာရှိတဲ့ ချင်းကပ်တံတားဘောင်ကို ၀င်တိုက်မိပြီး ယာဉ်ပေါ်ပါ ခရီးသည်တွေက တံးတားအောက်ဘက်ကို ပြုတ်ကျသေဆုံးခဲ့ရတာ ဖြစ်ပါတယ်” ဟု ယာဉ်တိမ်းမှောက်ရာတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ပေးနေသူ ယာဉ်ထိန်းရဲ အရာရှိ ဒု-ရဲအုပ် ကျော်သူကပြောသည်။

မုံရွာမြို့မှ ကုန်စည်နှင့် ခရီးသည်များ တင်ဆောင်လာသည့် အဆိုပါ ဒိုင်နာယာဉ်သည် ပုလဲမြို့နယ် ကြိုပင်ကျေးရွာသို့ မောင်းနှင်လာခြင်းဖြစ်ပြီး လက်ဝဲဘက်ယာဉ်ကြောရှိ မြစ်ကူးတံတား၏ ချင်းကပ်တံတားဘောင် လက်ရမ်းကို ယာဉ်၏ရှေ့ပိုင်းဖြင့် ၀င်ရောက်တိုက်မိ၍ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်ဟု ယာဉ်ထိမ်းရဲတပ်ဖွဲ့ အရာရှိတစ်ဦးကပြောသည်။

ယာဉ်ပေါ်ခရီးသည်များ အနက်မှ ဦးဇော်လင်း အသက်(၄၅)နှစ်၊ ကိုဆန်းနိုင် အသက်(၃၅)နှစ် ဆိုသူနှင့် ဦးလင်း အသက်(၅၀)နှစ်ဆိုသူ သုံးဦးတို့သည် ချင်းကပ်တံတား၏ အောက်ဘက် ပေ၄၀ခန့် နေရာသို့ ပြုတ်ကျခဲ့ရာ ထိုနေရာ၌ပင် သေဆုံးသွားခဲ့သည်။

ကျန်ခရီးသည် ၁၁ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် မုံရွာမြို့ပေါ်ရှိ လူမှုကူညီရေးအသင်းပိုင် လူနာယာဉ်များမှ မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရသည်ဟု ကူညီဆောင်ရွက်နေသည့် ရဲဝန်ထမ်းများကပြောသည်။

“ဒဏ်ရာရတဲ့သူတွေထဲက အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေ ကျန်ရှိနေပါသေးတယ်၊ ဆရာဝန်တွေလည်း အသက်လုပြီး ကုသပေးနေကြပါတယ်” ဟု ဆေးရုံရှိ မှုခင်းဆေးစာဌာန တာဝန်ခံ ရဲတပ်ဖွဲ့ဝင်တစ်ဦး ပြောသည်။

Mizzima Burmese