လူငယ်လေးဦးက တက္ကစီကို လုယူထွက်ပြေး

ပို့စ်တင်ချိန် - 4/23/2014 10:07:00 AM


Written by ဇော်ဇော်ထွေး

ကမာရွတ်မြို့နယ်တွင် တက္ကစီငှားရမ်း စီးနင်းလာသည့် လူငယ်လေးဦးတို့က ယာဉ်မောင်းထံမှ ပိုက်ဆံများအပြင် တက္ကစီ ယာဉ်ကိုပါ လုယက်ထွက်ပြေးခဲ့သဖြင့် ဧပြီ ၂၀ ရက်တွင် အမှုဖွင့်ပြီး စုံစမ်းဖော်ထုတ်လျက် ရှိသည်။

အဆိုပါ လုယက်မှုမှာ ဧပြီ ၁၉ ရက် ည ၉ နာရီကျော်အချိန်က မင်္ဂလာတောင် ညွန့်မြို့နယ်နေသည့် ဦးဇော်ဇော်လွင် (၃၃)နှစ်ဆိုသူထံမှ လုယက်ခဲ့ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အမှုမှာ ယာဉ်မောင်းဖြစ်သူ မောင်းနှင် လာသည့် အေဒီဗင်အငှားယာဉ် (ကြော်ငြာ အနီရောင်ကပ်)အား မင်္ဂလာတောင်ညွန့် မြို့နယ်၊ ၁၂၄ လမ်းတွင် အသက် (၂၀)၀န်း ကျင်ခန့်ရှိ လူငယ် လေးဦးတို့က ကမာရွတ် လှည်းတန်းသို့ ငွေကျပ် ၃၅၀၀ဖြင့် ငှားရမ်း သဖြင့် လိုက်ပါပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့နောက် ည ၉ နာရီခွဲအချိန် လှည်းတန်းခုံးကျော်တံတားအဆင်း ပြည်လမ်း တက္ကသိုလ်ဝင်ပေါက် အနီး အရောက်တွင် နောက်ခန်းတွင် ထိုင်လိုက်လာသည့် လူ ငယ်တစ်ဦးက လည်ပင်းအား နောက်မှသိုင်း ဖက်ပြီး ဓားနှင့် ထောက်ခဲ့သည်ဟု ဦးဇော်ဇော်လွင်က ရဲထံ ထွက်ဆိုထားသည်။

ရုန်းကန်မှုကြောင့်လည်း ဦးခေါင်းနောက်စေ့ယာဘက်တွင် ပွန်းခြစ်ဒဏ်ရာ နှစ်ချက်ရရှိခဲ့ပြီး လူငယ်လေးဦးတို့က လက် ဖြင့်ရိုက်ကာ လက်နှက်ဖက်အား မိုးကာ အင်္ကျီဖြင့် ချည်နှောင်ပြီး ကားနောက်ခန်းသို့ ပြောင်းရွှေ့ ထိုင်ခိုင်းခဲ့သည်ဟုလည်း ဆိုထားသည်။

ဆက်စပ်သတင်း - လှည်းတန်း ခုံးကျော်တံတား အဆင်းတွင် လုယက်မှုဖြစ်

ထို့နောက် လူငယ်တစ်ဦးက ကားကို သာကေတမြို့နယ် တိုင်းရင်းသားကျေးရွာအနီး ရတနာအိမ်ရာ (၄) လမ်းအရောက်ထိ မောင်းနှင်ခဲ့ပြီးနောက် ငွေကျပ် ၃၀၀၀၀ ပါ ပိုက်ဆံအိတ်၊ ယာဉ်မောင်းလိုင်စင် တစ် ခုနှင့် ဖုန်းတို့ကို လုယူပြီး ကားပေါ်မှ ဆွဲချကာ ကားကို မောင်းနှင်ထွက်ပြေးသွားခဲ့ သည်ဟု တရားလိုက တိုင်တန်းထားသည်။

ယင်းဖြစ်စဉ်ကို ကမာရွတ်ရဲစခန်းက (ပ)၁၈၅/၂၀၁၄ ဖြင့် အမှုဖွင့်လိုက်ပြီး ကားလုယက်ထွက်ပြေးခဲ့သည် ဆိုသည့် လူ ငယ် လေးဦးတို့ကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းရှာဖွေနေသည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုသည်။

ယင်းလုယက်မှုတွင် ပြစ်မှုထင်ရှားပါက ပြစ်မှုပုဒ်မ ၃၉၄ ဖြင့် အရေးယူပေးသွားမည်ဟုလည်း ရဲဌာနက ထုတ်ပြန်ထားသည်။

Mizzima Burmese