ယူနတီသတင်းဂျာနယ်၏ (၇) ကြိမ်မြောက် ရုံးချိန်းတွင် လိုပြသက်သေများက တားမြစ်ဆိုင်းဘုတ် မရှိကြောင်းနှင့် ကိုလူမော်နိုင်၏ အီးမေးလ်တွင် သတင်းများအား ဂျာနယ်တိုက်မှလွဲ၍ မည်သည့်နိုင်ငံကိုမျှ ပေးပို့ထားခြင်းမရှိကြောင်း ထွက်ဆို

ပို့စ်တင်ချိန် - 4/23/2014 09:54:00 AM


တရားစွဲခံထားရသည့် ယူနတီအမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား ပခုက္ကူခရိုင် တရားရုံးတွင် တွေ့ရစဉ်


Published on: April 23, 2014

ပခုက္ကူခရိုင် တရားရုံးတွင် စစ်ဆေးနေသော နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေ ဖောက်ဖျက်မှုဖြင့် တရားစွဲခံထားရသည့် ယူနတီအမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့ အမှုအား ဧပြီ ၂၂ ရက်က ခုနှစ်ကြိမ်မြောက် ရုံးချိန်းအဖြစ် စစ်ဆေးခဲ့ရာ လိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုသည့် ယူနတီဂျာနယ်တိုက် ယာဉ်မောင်းက မိမိရောက်ရှိခဲ့သည့် စက်ရုံအနီး ပတ်ဝန်းကျင်နေရာများ၌ မည်သည့်တားမြစ် ဆိုင်းဘုတ်များမျှ ချိတ်ဆွဲထားခြင်း မရှိကြောင်းနှင့် ကွန်ပျူ တာကျွမ်းကျင်သူကလည်း ကိုလူမော်နိုင်၏ အီးမေးလ်မှ ဂျာနယ်တိုက်သို့ပို့သည့် သတင်းအချက်အလက်များအား ထုတ်ယူရာတွင် အခြားသူတစ်ဦးနှင့် မည်သည့်နိုင်ငံကိုမှ အဆိုပါ သတင်းအချက်အလက်များအား ပေးပို့ထားခြင်း မရှိကြောင်း ထွက်ဆိုခဲ့သည်။

ယခု ခုနှစ်ကြိမ်မြောက် ရုံးချိန်းတွင် လိုပြသက်သေအဖြစ် ဦးတင့်ဆန်းနှင့် သတင်းထောက်များအား ပေါက်မြို့သို့ ကားဖြင့်လိုက်ပါ ပို့ဆောင်ပေးရသည့် ယူနတီဂျာနယ်တိုက် ယာဉ်မောင်းကိုမျိုးကိုနှင့် ကိုလူမော်နိုင်၏ အီးမေးလ်မှတစ်ဆင့် ယူနတီဂျာနယ်တိုက်သို့ ပေးပို့သော ကပစ (၂၄) စက်ရုံသတင်း၊ ဓာတ်ပုံ၊ အသံဖိုင်များအား ထုတ်ယူပေးသည့် ကွန်ပျူတာ ကျွမ်းကျင်သူ ကိုကျော်ဇင်ဝင်းတို့မှ ထွက်ဆိုခဲ့ပြီး စွပ်စွဲခံရသူများဘက်မှ ရှေ့နေဦးသန်းဇော်အောင်နှင့် ဦးဝါ၀င်းမောင်တို့က စစ်ဆေးခဲ့ကြသည်။

ကွန်ပျူတာကျွမ်းကျင်သူ ကိုကျော်ဇင်ဝင်းက မော်လမြိုင်မြို့တွင် နေထိုင်ကြောင်း၊ အလုပ်ကိစ္စဖြင့် ပခုက္ကူမြို့သို့ ရောက်ရှိနေစဉ် သတင်းတပ်ဖွဲ့မှ လာခေါ်သည့်အတွက် ရုံးသို့လိုက်ပါခဲ့ရကြောင်း၊ ကိုလူမော်နိုင်၏ လက်တော့ပ်ဖြင့် ၎င်းပေးသော အီးမေးလ်လိပ်စာ၊ password တို့အား အသုံးပြု၍ ကပစ ၂၄ စက်ရုံနှင့် သက်ဆိုင်သည့် ဓာတ်ပုံ၊ သတင်းဆောင်းပါးနှင့် အသံဖိုင်တို့အား သက်သေများရှေ့တွင် တာဝန်ရှိသူများသို့ ထုတ်ယူပေးခဲ့ရကြောင်း၊ သတင်းအချက်အလက်များအား [email protected] သို့ ပေးပို့ထားသည်ကို တွေ့ရကြောင်း ထွက်ဆိုခဲ့ပြီး ကိုလူမော်နိုင် အီးမေးလ်လိပ်စာအား ဖွင့်ရာတွင် သတင်းအချက်အလက်များအား ဂျာနယ်တိုက်သို့သာ ပေးပို့ထားခြင်းဖြစ်ပြီး အခြားမည်သူ တစ်ဦးတစ်ယောက်နှင့် မည်သည့်နိုင်ငံကိုမျှ ပေးပို့ထားခြင်း မရှိဆိုလျှင် မှန်ကြောင်း ဖြေကြားခဲ့သည်။

ယူနတီဂျာနယ်တိုက် ယာဉ်မောင်း ကိုမျိုးကိုကလည်း မိမိအနေနှင့် ဦးတင့်ဆန်းနှင့် သတင်းထောက်သုံးဦးတို့အား ရန်ကုန်မှ ပေါက်မြို့သို့ ကားမောင်းပို့ပေးရကြောင်း၊ ကိုလူမော်နိုင် အိမ်မှတစ်ဆင့် အခြားရွာများသို့ သွားခဲ့ကြောင်း၊ စက်ရုံအနီးနားသို့ ကိုပိုင်သက်ကျော်နှင့် အတူသွားခဲ့ကြောင်း၊ ဦးတင့်ဆန်းတို့မှ အခြားတစ်နေရာသို့သွားကြောင်း ထွက်ဆိုခဲ့ပြီး ရှေ့နေများမှ ကပစ ၂၄ စက်ရုံအနီးတွင် ရွာသူရွာသားများ သွားလာလုပ်ကိုင်လျက်ရှိသည်ကို မြင်တွေ့ရသည်ဆိုလျှင် ဟုတ်မှန်ကြောင်း၊ ရောက်ရှိခဲ့သော နေရာမှ ကပစ ၂၄ စက်ရုံအား လှမ်းမြင်နေရသည် ဆိုပါက မှန်ကြောင်းနှင့် စက်ရုံပတ်ဝန်းကျင် အနီးတစ်ဝိုက်တွင် သွားလာဝင်ထွက်ခြင်း မပြုရန်၊ ဓာတ်ပုံမရိုက်ရန် တားမြစ်ထားသည့် ဆိုင်းဘုတ်များ မတွေ့ရှိရဆိုလျှင် မှန်ကြောင်းလည်း အစစ်ခံခဲ့သည်။

ယခုတစ်ပတ် ရုံးချိန်းတွင် လိုပြသက်သေ စာရင်းတွင် ပါဝင်သည့် ကိုအောင်ဝင်းထွန်း (ဦးတင့်ဆန်း၏ တူဖြစ်သူ) မှာ လာရောက်နိုင်ခြင်း မရှိသည့်အတွက် လိုပြသက်သေ နှစ်ဦးသာ စစ်ဆေးနိုင်ခဲ့သည်။

အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ သတင်းဖော်ပြမှုကြောင့် ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက် လေးဦးတို့အား အဆိုပါစက်ရုံ စီမံဌာနမှူး ဒုတိယဗိုလ်မှုးကြီး ကျော်ကျော်ဦးက ယခုနှစ် ဇန်န၀ါရီ ၃၀ ရက်၌ ပေါက်မြို့မ ရဲစခန်းတွင် (ပ)၈။၂၀၁၄ မြန်မာနိုင်ငံ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃(၁) (က)။၉ ဖြင့် အမှုဖွင့်ခဲ့ပြီးနောက် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား ဖမ်းဆီး၍ ဖေဖော်ဝါရီ
၁၄ ရက်က အမှုအား စတင်စစ်ဆေးခဲ့ရာ ဧပြီ ၂၂ ရက် ခုနစ်ကြိမ်မြောက် ရုံးချိန်းပြီးသည်အထိ လိုပြသက်သေ ၁၈ ဦးထိ စစ်ဆေးပြီး ဖြစ်ကြောင်းလည်း သိရသည်။

News-Eleven