Pregnancy and Rubella ကိုယ်ဝန် နှင့် ဂျာမန်-ဝက်သက်

ပို့စ်တင်ချိန် - 4/23/2014 01:52:00 PM


ဒေါက်တာရှင့် Low Rubella Immunity ဆိုတာ ဘာဖြစ်တာလည်း၊ ဘာဆိုးကျိုးတွေ ဖြစ်နိုင်ပါသလဲရှင်။ ကျမ ကိုယ်ဝန် ၈ ပတ် ဆေးစစ်တော့ Low Rubella Immunity ၂၃ ပဲ ရှိပါတယ်။ ဆရာဝန်ကတော့ ကလေး မီးဖွားပြီးမှ အဲ့ဒါ နည်းတာကို ဆေးထိုးပေးမယ် ပြောပါတယ်။ ဘာတွေ လုပ်ရမလဲ သိပါရစေ။

• ကလေးတွေကို MMR (Measles, Mumps, and Rubella) ဆိုတဲ့ ကာကွယ်ဆေး ထိုးပေးရတယ်။ ဝက်သက်၊ ပသိရောင် နဲ့ ဂျာမန်ဝက်သက် ဆိုတဲ့ရောဂါ သုံးမျိုးကို ပြီးစေတဲ့ ကာကွယ်ဆေး ဖြစ်တယ်။
• ကလေးတိုင်း ၁ နှစ်သား (၁၂-၁၅ လ) မှာ MMR ကာကွယ်ဆေးထိုးရမယ်။ ကျောင်းနေတော့မဲ့ ၄-၆ နှစ်သားမှာ တခါထပ်ထိုးတယ်။ တခါတလေ ဒိထက်စောပြီး ပဌမတခါနဲ့ တလခြားပြီး ဒုတိယတလုံး ထိုးတယ်။
• ဒီကာကွယ်ဆေးက အန္တရာယ်လဲကင်း အတော်လဲ စိတ်ချရပါတယ်။ Measles ဝက်သက်ကို ၉၅-၉၈%၊ Mumps ပသိရောင်ကို ၉၇% နဲ့ Rubella ဂျာမန်ဝက်သက်ကို ၉၅% အကာကွယ်ပေးနိုင်တယ်။
• ကိုယ်ဝန်ဆောင်ကို ဆေးခန်း အပ်တဲ့အခါ Rubella immunity test စမ်းသပ်ရမယ်။ စမ်းလို့ မိခင်မှာ ရောဂါပြီးတာ မတွေ့ရရင် တခါထဲတော့ ကာကွယ်ဆေး မထိုးဘူး။ ဒီကာကွယ်ဆေးက ရောဂါပိုးအရှင်နဲ့ ဖေါ်စပ်ထားလို့ ကလေးဆီ ရောက်သွားမှာ စိုးလို့ပါ။
• ရှားတော့ ရှားသွားပါပြီ။ Rubella (German measles) (ရူဘဲလား) ကို (ဂျာမန်-ဝက်သက်) ရောဂါ၊ ၃ ရက်နာ လို့ပါ ခေါ်တယ်။
• Rubella ဆိုတာ နှာချေ၊ ချောင်းဆိုးကနေ ကူးစက်တယ်။
• ရောဂါလက္ခဏာတွေ သိပ်တော့ မဆိုးပါ။ ကိုယ်ပူ၊ ခေါင်းကိုက်၊ အဆစ်နာ၊ လည်ချောင်းနာမယ်။ လည်ပင်းတဝှိုက် တက်စေ့တွေ ရောင်ရင် အနီစက်တွေ ပေါ်မယ်။
• ကိုယ်ဝန်ဆောင်နုတုံး (၄ လ အောက်) မှာ Rubella လို့ခေါ်တဲ့ German measles ဂျာမန်-ဝက်သက်ရောဂါ ရရင် အထဲက ကလေးအတွက် မကောင်းဘူး။ ကိုယ်ဝန်ပျက်တတ်တယ်၊ ကလေးရဲ့ ကိုယ်အင်္ဂါတွေကိုလဲ ထိခိုက်စေတတ်တယ်။ နားအကြားမကောင်းတာ၊ ဦးနှောက်ချို့ယွင်းတာ၊ နှလုံးမကောင်းတာ၊ မျက်စိတိမ် ဖြစ်တာတွေ ပါတယ်။ မအေကနေ ကလေးကို ရောဂါက အချင်းကတဆင့် ကူးသွားလို့ ဖြစ်ရတာပါ။
• ကိုယ်ဝန် ပဌမ ၃ လအတွင်း ရောဂါရရင် အထဲကကလေးကို ၉ဝ% ကူးစေနိုင်တယ်။ ကိုယ်ဝန်ရင့်လာလေလေ ကလေးကိုကူးမှာ အစိုးရိမ်ရ နည်းလေလေ ဖြစ်တယ်။
• ကိုယ်ဝန်လဲ ရှိနေပြီ၊ ကိုယ့်မှာ ရောဂါလဲ မပြီးသေးဘူးဆိုရင် အနေအထိုင်၊ အသွားအလာ ဆင်ခြင်ပါ။ ရောဂါရှိသူတွေနဲ့ ဝေးဝေးနေပါ။
• အမျိုးသမီးတိုင်း အိမ်ထောင်မပြုခင် (ကိုယ်ဝန်မဆောင်ခင်) Blood tests for rubella immunity လုပ်သင့်ကြတယ်။
• ရောဂါမပြီးသူတိုင်း ကိုယ်ဝန်မယူခင် ၃ လစောပြီး ကာကွယ်ဆေးထိုးပါ။
• ကာကွယ်ဆေး ထိုးပြီး တလအတွင်းမှာ ကိုယ်ဝန်မဆောင်သေးတာ ကောင်းတယ်။ စိတ်ချရအောင် ၃ လ စောင့်ပါ။

Dr. တင့်ဆွေ