လိင်အသားပေး ထုတ်ဝေထားသည့် ‘ရိုမန်းဘော့စ်တွေရဲ့ ကမ္ဘာ’ စာအုပ်အား ရေးသားသူ၊ ထုတ်ဝေသူနှင့် ဖြန့်ချိသူများကို ရဲတပ်ဖွဲ့ စတင်စုံစမ်း

ပို့စ်တင်ချိန် - 6/26/2014 01:55:00 PM



စာပေလောက၊ လူမှုကွန်ရက် စာမျက်နှာများနှင့် ပြည်သူအများစုကြားတွင် ဝေဖန်မှုများ ထွက်ပေါ်နေသည့် “ရိုမန်းဘော့စ်တွေရဲ့ ကမ္ဘာ” စာအုပ်အား ရေးသားသူ၊ ထုတ်ဝေသူနှင့် ဖြန့်ချိခဲ့သူများကို ရဲတပ်ဖွဲ့မှ စတင်စုံစမ်း နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိတစ်ဦးက ဇွန် ၂၅ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

“ဒီစာအုပ်ကို ရေးသားတဲ့ အောင်ရင်ငြိမ်းက ကျောက်တံတားမြို့နယ်မှာနေလို့ သွားရောက်စုံစမ်းတဲ့ အခါမှာ ၆ လပိုင်း ၁ ရက်နေ့ကစပြီးတော့ သာကေတဘက်မှာ ပြောင်းရွှေ့နေထိုင်နေတယ်လို့ သိရတယ်။ သူ့ကိုလည်း ရှာဖွေနေတယ်။ ဒါ့အပြင် ထုတ်ဝေသူရော၊ ဖြန့်ချိတဲ့လူတွေကိုရော စုံစမ်းနေတယ်။ စစ်ဆေးပြီးရင်တော့ ဘယ်လို အရေးယူရမယ် ဆိုတာကို ဆုံးဖြတ်မယ်။ ပြီးရင် ဥပဒေအတိုင်း အရေးယူသွားပါမယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ ဒုတိယရဲမှူးကြီးတစ်ဦးက ဆိုသည်။

ထို့အပြင် လူမှုကွန်ရက် ၀က်ဘ်ဆိုက်အချို့တွင် ညစ်ညမ်းစာပေများအပြင် ညစ်ညမ်းဓာတ်ပုံများကိုလည်း ရိုက်ကူးတင်ပြထားသည်ကိုလည်း တွေ့ရှိရသည်။

ညစ်ညမ်းဓာတ်ပုံ၊ စာပေများကို အရေးယူရန် ပြန်ကြားရေးဝန်ကြီးဌာန၊ စာနယ်ဇင်းကောင်စီနှင့် စာနယ်ဇင်းများက အဓိက လုပ်ဆောင်ရမည် မဟုတ်ဘဲ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့ကသာ စုံစမ်းဖော်ထုတ် အရေးယူရမည် ဖြစ်ကြောင်းကို ရာဇသတ်ကြီးနှင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပြဋ္ဌာန်းချက်များအရ သိရသည်။

ညစ်ညမ်းစာပေ၊ ညစ်ညမ်းဓာတ်ပုံများနှင့် ပတ်သက်၍ အရေးယူထောင်ချနိုင်ရန် ရာဇသတ်ကြီး၏ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၂ နှင့် ၂၉၃ တို့တွင် ပြဋ္ဌာန်းထားကြောင်း သိရသည်။

ယင်းပုဒ်မများသည် ၀ရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည့် ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများဖြစ်ကြောင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၏ နောက်ဆက်တွဲဇယား၌ ပြဋ္ဌာန်းထားသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ် အရေးယူရမည်ဖြစ်ကြောင်း သိရသည်။

ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည့် ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများသည် ရဲတပ်ဖွဲ့က သတင်းရလျှင်ရချင်း လိုက်လံစုံစမ်း ဖော်ထုတ်နိုင်သည့် ပြစ်မှုပုဒ်မများဖြစ်ပြီး ပြည်သူတစ်ဦးဦးက ဖြစ်စေ၊ စာနယ်ဇင်းကောင်စီက ဖြစ်စေ တရားရုံးသို့ သွားရောက်ကာ ဦးတိုက်လျှောက်ထားရန် မလိုကြောင်း သိရသည်။

ညစ်ညမ်းဓာတ်ပုံများ ဖြစ်ပါက ဓာတ်ပုံအရိုက်ခံသည့်သူသာမက ဓာတ်ပုံရိုက်သည့် ဓာတ်ပုံဆရာ အပါအ၀င် ယင်းဓာတ်ပုံကို ဖြန့်ချိသူများပါ အထက်တွင်ဆိုခဲ့သည့် ပုဒ်မများအတိုင်း အရေးယူခံရနိုင်ကြောင်း သိရသည်။

ထို့အတူ ညစ်ညမ်းစာပေများ ဆိုပါကလည်း ရေးသူသာမက ထုတ်ဝေသူ ဖြန့်ချိသူများပါ အထက်တွင် ဆိုခဲ့သည့် ပုဒ်မများအတိုင်း အရေးယူခံရနိုင်ကြောင်း သိရသည်။

အဆိုပါ “ရိုမန်းဘော့စ်တွေရဲ့ ကမ္ဘာ” စာအုပ်မှာ ကျပ် ၂၅၀၀ မှ ကျပ် ၈၀၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့ကာ ဈေးကွက်အတွင်း စာအုပ်များ ပြတ်လပ်သည်အထိ ရောင်းအားကောင်းခဲ့ကြောင်း စာပေအသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

ပြည်တွင်း၌ ၂၀၁၄ ခုနှစ်အတွင်း မုဒိမ်းမှု ၈၈ မှု ဖြစ်ပွားခဲ့ပြီး မေလအတွင်း၌ မုဒိမ်းမှု ၅၃ မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ သိရသည်။

Eleven Media Group