ခရီးသည်အမျိုးသား(၂)ဦးမှ အငှားယာဉ်မောင်း၏ငွေများကို လုယက်မှုဖြစ်

ပို့စ်တင်ချိန် - 6/26/2014 08:26:00 PM


ရန်ကုန်၊ ဇွန် ၂၆

၂၅.၆.၂၀၁၄ ရက်နေ့ ၁၈၀၀ အချိန်တွင် ထန်းတပင်မြို့နယ်၊ ရန်ကုန်-ညောင်တုန်း
ကားလမ်း၊ အစုကြီးကျေးရွာအနီးတွင်အငှားယာဉ်မောင်းထံမှငွေများအားခရီးသည်
အမျိုးသား(၂)ဦးမှ လုယက်မှုဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ်နေ အငှားယာဉ်မောင်း ဦးမိုးအောင်ဇော်၊ (၄၀)နှစ်
သည် ၎င်း၏အငှားယာဉ်ဖြင့် လှိုင်သာယာမြို့နယ်၊ ဒဂုံ-ဧရာအဝေးပြေးဝင်းရှေ့၌ ခရီးသည်စောင့်ဆိုင်းနေစဉ် အမျိုးသားလူငယ်(၂)ဦးမှ ထန်းတပင်မြို့နယ်သို့
ငွေကျပ်(၅၀၀၀)ဖြင့်ငှားရမ်းခဲ့၍ လိုက်ပို့ပေးခဲ့ကြောင်း၊ ထန်းတပင်မြို့နယ်၊ ရန်ကုန် -ညောင်တုန်းလမ်း၊ အစုကြီးကျေးရွာထိပ်အနီးအရောက် ယာဉ်နောက်ခန်းတွင် လိုက်ပါလာသူလူငယ်မှ အပေါ့သွားမည်ပြောသဖြင့် ယာဉ်အားခေတ္တရပ်ပေးခဲ့ပြီး ဆက်လက်မောင်းနှင်ခဲ့ကြောင်း၊ ဓါတ်တိုင်(၂)တိုင်ခန့်အရောက်တွင် ယာဉ်
ရှေ့ခန်းရှိလူငယ်မှလည်း အပေါ့သွားလိုကြောင်းပြောသဖြင့် ယာဉ်အားရပ်ပေး
ခဲ့ပြီး ပြန်တက်လာစဉ် ယာဉ်နောက်ခန်းတွင် လိုက်ပါလာသည့်လူငယ်မှ ၎င်း၏
လည်ပင်းအား သိုင်းဖက်၍ချုပ်ထားကာ ယာဉ်ရှေ့ခန်းရှိလူငယ်မှ ၎င်း၏လက်အား ဆွဲကိုက်ခဲ့ကြောင်း၊ ၎င်းမှရုန်းကန်စဉ် ယာဉ်နောက်ခန်းရှိလူငယ်မှအိတ်ကပ်
အတွင်းရှိ ငွေ(၂၁၀၀၀)ကျပ်အားလုယူခဲ့၍ သံတုတ်ဖြင့်ရိုက်မည်ပြုရာ လူငယ်
(၂)ဦးမှာ ယာဉ်ပေါ်မှဆင်းပြေးသွားခဲ့ပါသည်။

ထို့နောက် ဦးမိုးအောင်ဇော်မှ ဒဂုံ-ဧရာအဝေးပြေးဂိတ်ရှိ သူငယ်ချင်းများအား သွားရောက်ခေါ်ဆောင်ပြီး တက်သစ်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ အဆိုပါလူငယ်(၂)ဦးအားလိုက်လံရှာဖွေရာ ယာဉ်ရှေ့ခန်းတွင်လိုက်ပါခဲ့သူ လူငယ်အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးရာ လှိုင်သာယာမြို့နယ်၊
(၈)ရပ်ကွက်နေ ပိုင်မင်းလွင်၊ (၁၈)နှစ်၊ (ဘ)ဦးသိန်းစိုးဖြစ်ကြောင်းသိရှိရပြီး ထွက်ပြေးသွားသူမှာ ၎င်းနှင့် ယောက္ဖတော်စပ်သူ ကောင်းခန့်ဇော်၊ (၂၅)နှစ်
ဖြစ်ကြောင်းသိရှိရပါသည်။

၎င်းတို့(၂)ဦးအား ထန်းတပင်မြို့နယ်၊ တက်သစ်နယ်မြေရဲစခန်း(ပ)၈၆/၂၀၁၄၊
ပြစ်မှုပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့်အရေးယူကာ ထွက်ပြေးတိမ်းရှောင်သွားသူ
ကောင်းခန့်ဇော်အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ
ပါသည်။

Yangon Police