ဘာသာကူးပြောင်းမှုကြောင့် သေဒဏ်ကျခံရပြီး လွတ်မြောက်လာသည့် ဆူဒန်အမျိုးသမီး ထပ်မံအဖမ်းခံရ

ပို့စ်တင်ချိန် - 6/26/2014 07:34:00 PM


အစ္စလာမ် ဘာသာမှ ခရစ်ယာန် ဘာသာသို့ ကူးပြောင်းကိုးကွယ်မှုအတွက် သေဒဏ်ချမှတ်ခံရပြီး ယင်းပြစ်ဒဏ်မှ လွတ်မြောက်လာသည့် ဆူဒန်အမျိုးသမီးသည် နောက်ထပ်ပြစ်မှု တစ်ခုဖြင့် အဖမ်းခံထားရကြောင်း သိရှိရသည်။

အသက်(၂၆)နှစ်ရှိ မာရီယမ် ယာယာအီဘရာဟင်အီရှက်သည် ခရစ်ယာန် ဘာသာဝင် တစ်ဦးနှင့် လက်ထပ်ပြီးနောက် ဘာသာကူးပြောင်း ကိုးကွယ်သဖြင့် အဖမ်းခံရပြီး ဆူဒန်တရားရုံးတစ်ခုက သူမကို သေဒဏ်ချမှတ်ခဲ့သည်။ အီရှက်သည် အဖမ်းခံရချိန်တွင် ဒုတိယကိုယ်ဝန်ကို လွယ်ထားပြီး မေလ(၂၇)ရက်နေ့က အကျဉ်းထောင်ထဲတွင် သမီးလေး တစ်ဦး ဖွားမြင်ခဲ့သည်။

နိုင်ငံတကာ ဖိအားပေးမှုများကြောင့် သူမသည် သေဒဏ်စီရင်ချက်မှ လွတ်မြောက်လာပြီး ဆူဒန်နိုင်ငံမှ ထွက်ခွာရန် ကြိုးစားနေစဉ် စာရွက်စာတမ်း အတုများ ကိုင်ဆောင်မှုဖြင့် ထပ်မံ အဖမ်းခံရခြင်း ဖြစ်သည်။ အီရှက်သည် တောင်ပိုင်းဆူဒန် နိုင်ငံသို့ ထွက်ခွာရန် ကြိုးစားစဉ် လေဆိပ်၌ အဖမ်းခံရခြင်း ဖြစ်သည်။

“ခါတွမ်လေဆိပ်မှာ သူ့ကို ပြန်ဖမ်းထားလိုက်တာပါ”ဟု အီရှက်၏ ရှေ့နေ မိုဟာနတ်ဒ် မူစတာဖာက AFPသို့ ပြောကြားခဲ့သည်။ အီရှက်တို့ မိသားစုကို ဆူဒန်ရဲများက တားဆီးခဲ့ပြီး သူမကို ထိန်းသိမ်းထားလိုက်ခြင်း ဖြစ်သည်။ မူစတာဖာက အီရှက်သည် စာရွက်စာတမ်း အတုများ ပြုလုပ်ကိုင်ဆောင်မှုအပြင် သတင်းအချက်အလက် အမှားအယွင်းများ ဖော်ပြမှုအတွက်ပါ စွဲချက်တင်ခံထားရကြောင်း ဆိုသည်။

အီရှက်၏ အမေရိကန်နိုင်ငံသား ခင်ပွန်းသည် ဒန်နီရယ်လ်ဝါနီက ၎င်းတို့ မိသားစုကို အမေရိကန် သံရုံးအရာရှိများက တာဝန်ယူ ခေါ်ဆောင်လာသည့်တိုင် အဖမ်းခံရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့က ဝါရှင်တန်ထိ သွားဖို့အတွက် ရည်ရွယ်ထားတာပါ”ဟုလည်း ဆိုသည်။ ထို့အပြင် အီရှက်၏ ခရီးသွားခွင့် စာရွက်စာတမ်းများတွင် မည်သည့် အမှားအယွင်းမျှ မရှိခဲ့ကြောင်းလည်း ဝါနီက အခိုင်အမာ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ စိုးရိမ်မိတယ်။ ဖြစ်နိုင်ရင် ဆူဒန်ကနေ အမြန်ဆုံး ထွက်သွားချင်ပါတယ်”

“ကျွန်တော်တို့ စိုးရိမ်မိတယ်။ ဖြစ်နိုင်ရင် ဆူဒန်ကနေ အမြန်ဆုံး ထွက်သွားချင်ပါတယ်”ဟုလည်း ၎င်းက ဖွင့်ဟခဲ့သည်။ ဆူဒန်တွင် ဘာသာရေး အစွန်းရောက်များက အီရှက်၏ အသက်ကို ရန်ရှာမည်ဟု ခြိမ်းခြောက်မှုများ ထွက်ပေါ်နေသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီဟက်ဖ်ကလည်း အီရှက်အတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး သူမတို့ မိသားစု အနေဖြင့် အမြန်ဆုံး ထွက်ခွာခွင့် ရရှိစေရန် တိုက်တွန်းခဲ့သည်။ “ဆူဒန်အစိုးရကတော့ သူတို့မိသားစုရဲ့ လုံခြုံရေးကို အာမခံထားပါတယ်”ဟု ဟက်ဖ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

ဆူဒန်မှ SUNA သတင်းဌာနက နိုင်ငံခြားရေး ဝန်ကြီးဌာနသည် စာရွက်စာတမ်း အတုများဖြင့် အီရှက် ခရီးသွားနိုင်အောင် စီစဉ်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနအား ပြစ်တင် ရှုတ်ချထားကြောင်း ဖော်ပြခဲ့သည်။ ပြန်ကြားရေး ဝန်ကြီးဖြစ်သူ အာမက်ဘီလယ်အော့စ်မန်က အီရှက်သည် ဆူဒန်နိုင်ငံသား ပတ်စ်ပို့တ်ကို ကိုင်ဆောင်ထားသင့်ကြောင်း ဝေဖန်ခဲ့သော်လည်း သူမ၏ ရှေ့နေက အီရှက်တွင် ဆူဒန်ပတ်စ်ပို့တ် မရှိကြောင်း ဆိုသည်။

“အဓိက ပြဿနာက အဲဒါပဲ။ ခရီးသွားလာဖို့ဆိုရင် သူက နိုင်ငံခြားသား စာရွက်စာတမ်းတွေကိုပဲ အသုံးပြုနေရတယ်။ အဲဒါကိုက တရားမဝင်သလို အဓိပ္ပါယ် သက်ရောက်သွားနိုင်တယ်”ဟု ရှေ့နေ မူစတာဖာက မှတ်ချက်ပြုခဲ့သည်။

မေလ(၁၅)ရက်နေ့က ဆူဒန်တရားရုံးတစ်ခုသည် အီရှက်အား အယူဝါဒ ဖောက်ပြန်မှုအတွက် သေဒဏ်စီရင်ချက် ချမှတ်ခဲ့ပြီးနောက် တစ်ကမ္ဘာလုံးမှ လူ့အခွင့်အရေး အဖွဲ့အစည်းများက ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ သူမသည် ဇွန်လ(၂၂)ရက်နေ့က အယူခံဖြင့် လွတ်မြောက်လာခဲ့ပြီး ခြိမ်းခြောက်ရန်လိုမှုများကြောင့် အမေရိကန် သံရုံးအကူအညီဖြင့် လေဆိပ်သို့ မသွားရောက်မီ အတောအတွင်း လုံခြုံသော နေရာတစ်ခုတွင် ပုန်းကွယ်နေခဲ့ရကြောင်း သိရှိရသည်။

_Ref: Aljazeera
7day daily