ပန်းရောင်အမှုန့်များပါသော ထမင်းချိုင့်ကို စားမိ၍ ကျောင်းသား ၅ ဦး အစာအဆိပ်သင့်

ပို့စ်တင်ချိန် - 6/26/2014 07:49:00 PM



သာစည်မြို့နယ် အင်းဝင်းကျေးရွာအုပ်စု ကုက္ကိုပေါက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ဇွန်(၂၄) ရက်နေ့က ကျောင်းသားကျောင်းသူ (၅) ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကုက္ကိုပေါက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ပညာသင်ကြားနေသော အင်းဝင်းကျေးရွာမှ ကျောင်းသားကျောင်းသူ (၅) ဦးသည် ဇွန်(၂၄) ရက်နေ့က ထမင်းထုပ်များဖြင့် ကျောင်းသို့သွားခဲ့ရာ ကျောင်းသို့မရောက်မီ လမ်းတွင် နံနက်စာ ထမင်းချိုင့်များဖွင့်၍ စားခဲ့ကြကြောင်း၊ ထမင်းစားပြီး ကျောင်းသို့ဆက်သွားခဲ့ရာ ကျောင်းခန်းထဲရှိစားပွဲပေါ်တွင် ထမင်းချိုင့်များ တင်ထားခဲ့ကြောင်း၊ နေ့ခင်း ထမင်းစားကျောင်းဆင်းချိန်တွင် စားပွဲပေါ်မှ ထမင်းချိုင့်များယူစဉ် ပန်းရောင်းအမှုန့်ထုပ်တစ်ထုပ်နှင့် ဟင်းချိုင့်များထဲတွင် ပန်းရောင်အမှုန့်များတွေ့ရှိ၍ ဆရာမအားသွားရောက်အပ်နှံခဲ့ရာ ဆရာမက လက်ဖြင့်တို့ပြီး မြည်းစမ်းကြည့်ခဲ့ရာ တစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိသဖြင့် ကျောင်းသားကျောင်းသူ(၅)ဦးမှ မိမိတို့၏ ထမင်းချိုင့်များဖွင့်ပြီး ထမင်းစားခဲ့ကြောင်း သိရသည်။

ကျောင်းဆင်း၍ အိမ်သို့ရောက်ရှိပြီး ညနေ (၁၇း၀၀) နာရီတွင် အဆိုပါကျောင်းသားကျောင်းသူ (၅) ဦး ခေါင်းမူးဝေခြင်း၊ အော့အန်ခြင်း၊ ၀မ်းသွားခြင်း၊ မနေနိုင်မထိုင်နိုင်ဖြစ်၍ ညနေ (၁၈း၀၀) နာရီတွင် မိဘများမှ သာစည်မြို့နယ် ပြည်သူ့ဆေးရုံသို့တင်ပို့ကာ ဆေးကုသမှုခံယူခဲ့ရကြောင်း၊ ယခုအခါ ကျောင်းသားကျောင်းသူ (၅) ဦးစလုံး အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်း ဆဋ္ဌမတန်းကျောင်းသူ တစ်ဦး၏ဖခင်ဖြစ်သူ ဦးချိုကြီးက ပြောကြားသည်။ ကျောင်းသားကျောင်းသူများတွေ့ရှိသော ပန်းရောင်အမှုန့်ထုပ်ကို သာစည်မြို့နယ်ပြည်သူ့ဆေးရုံသို့အပ်နှံခဲ့ရာ ဓါတ်ခွဲစမ်းသပ်ဆောင်ရွက်ရန် မန္တလေးသို့ ပေးပို့ထားကြောင်း သိရသည်။

အစာအဆိပ်သင့်ဖြစ်ပွားသော ကျောင်းသားကျောင်းသူ(၅) ဦးမှာ ဆဋ္ဌမတန်းတွင်ပညာသင်ကြားနေသော ကျောင်းသား(၁) ဦး၊ ကျောင်းသူ(၁) ဦး၊ ပဉ္စမတန်းတွင် ပညာသင်ကြားနေသော ကျောင်းသူ(၂) ဦး၊ သတ္တမတန်းတွင် ပညာသင်ကြားနေသော ကျောင်းသူ(၁) ဦး ဖြစ်ကြောင်း သိရသည်။

MOI Webportal