အမှိုက်ပုံထဲက အစားအစာတွေကိုသာစားတဲ့ ဘွဲ့ရ ပညာတတ်တစ်ဦး

ပို့စ်တင်ချိန် - 6/26/2014 07:33:00 PM


ပြင်သစ်နိုင်ငံအလယ်ပိုင်း Tours မြို့က လူတစ်ဦးဟာ လူတွေ စွန့်ပစ်ထားတဲ့ အမှိုက်ပုံထဲက အစာတွေကိုသာ စားပါတယ်။ Baptiste Dubanchet လို့ခေါ်တဲ့ ဒီလူဟာ sustainable development ဘာသာရပ်မှာ မစ္စတာဘွဲ့ရထားတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား တစ်ဦးဖြစ်ပါတယ်။

အစားအစာများစွာ ဒီလို အပိုဖြစ်နေတာကို သူက ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ စားသုံးပြနေတာဖြစ်ပါတယ်။
လက်ရှိမှာ သူဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကနေ ဂျာမနီနိုင်ငံ ဝါဆောမြို့ထိ မိုင်ပေါင်း ၃၀၀၀ ခရီးကို စက်ဘီးစီးသွားနေပြီး လမ်းတစ်လျှောက်မှာ အမှိုက်ပုံထဲက အစားအစာတွေကိုသာ စားသုံးနေပါတယ်။

ဒီလိုစားကြွင်းစားကျန်တွေကိုသာ စားဖို့စိတ်ကူးဟာ အရှေ့တောင်အာရှနဲ့ ကိုလံဘီယာနိုင်ငံတွေကို သွားလည်ရာမှာ ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဒေသတွေက အလွန်အမင်း ဆင်းရဲမွေတေမှုဟာ သူ့အပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိခဲ့တယ် လို့ ဆိုပါတယ်။

“ဆင်းရဲတဲ့နိုင်ငံတွေမှာ ကျွန်တော်က သူဌေးဖြစ်နေတယ်။ ဒီလူတွေ ဒီလောက်ဆင်းရဲနေတာ ကျွန်တော် ဝမ်းနည်းတယ် ။ ဒီလူတွေမှာက ရွေးချယ်စရာမရှိဘူး။ ဆင်းရဲဖို့ သူတို့က ရွေးလိုက်တာမဟုတ်ဘူး။ ကျွန်တော်တို့တွေ အစားအစာ ကောင်းတွေကို ဘယ်လောက်တောင် ဖြုန်းတီးနေလဲဆိုတာကို ပြရအောင် တစ်ခုခုလုပ်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်” လို့ သူက ပြောကြားခဲ့ပါတယ်။

Baptiste ဟာ မြို့သစ်တစ်ခုကို ရောက်ပြီဆိုတာနဲ့ တည်းဖို့ ရှာပါတယ်။ တည်းဖို့ရပြီဆိုတာနဲ့ အမှိုက်ပုံတွေပတ်ပြီး အစာ ရှာပါတော့တယ်။ စားသောက်ဆိုင်တွေမှာ လွှင့်ပစ်မယ့် အကျန်တွေများ ရှိမလား သူကမေးပါတယ်။ ဘာပေးပေး သူက စားတာပါပဲ။

“ကျွန်တော် စားတဲ့အရာတွေအတွက် ကျွန်တော်က ပေးစရာမလိုဘူးလေ။ ကျွန်တော် ယူလာတာက ရေပဲ”လို Baptiste က ပြောကြားခဲ့ပါတယ်။

ဒီလို သူများအကျန်တွေ လိုက်စားပြတာဟာ နည်းနည်းတော့ အစွန်းရောက်လွန်းတယ်လို့ ထင်စရာရှိပေမဲ့ ဥရောပ တစ်ဝန်း အစားအစာအမြောက်အမြား စွန့်ပစ်နေကြတာကို အာရုံစိုက်လာကြမယ့် နည်းလမ်းဖြစ်တယ် လို့ သူကတော့ခံယူထားပါတယ်။

Photutaw