အားကိုးရာရှာမတွေ့သေးသော လူဦးရေသုံးသန်းကျော်

ပို့စ်တင်ချိန် - 6/26/2014 04:37:00 AM

တရားဝင်နေထိုင်သောသူများအား ဖမ်းဆီးမည်မဟုတ်ကြောင်း မြန်မာလုပ်သား ၁၀၀၀ ကျော်လုပ်ကိုင်နေသော ဘန်ကောက်မြို့ရှိ အထည်ချုပ်စက်ရုံသို့ ထိုင်းစစ်တပ်က လာရောက်ရှင်းပြစဉ် (ဓာတ်ပုံ − ဥက္ကာဦး)


မြန်မာနိုင်ငံငယ်ဟု တင်စားခေါ်ဝေါ်ကြသည့် မဟာချိုင်ရှိ မြန်မာနိုင်ငံသားများအနက် လူ ၄၀၀ ကျော်ကို အာဏာသိမ်းထိုင်းစစ်အစိုးရက ၁၅ ရက်အတွင်း ဖမ်းဆီးခဲ့သည်။
ဧရိယာ ၈၇၂ ကီလိုမီတာ ကျယ်ဝန်းပြီး မြန်မာနိုင်ငံသား ငါးသိန်းကျော် နေထိုင်သော ထိုင်းနိုင်ငံ မဟာချိုင်ရှိ ယင်းမြန်မာနိုင်ငံသား ၄၀၀ ကျော်ကို ထိုင်းစစ်အစိုးရက ဇွန်လ ၃ ရက်မှ ၁၈ ရက်အတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသားများကို ဖမ်းဆီးခြင်းမရှိဟု ထိုင်းစစ်အစိုးရနှင့် ထိုင်းနိုင်ငံ မြန်မာသံအမတ်တို့က ပြောထားသည့်ရက်များတွင်ပင် မဟာချိုင်ရှိ တရားဝင်နေထိုင်သော မြန်မာများဖမ်းဆီးခံခဲ့ရသည်။ ထိုသို့ ဖမ်းဆီးခံရခြင်းသည် မြန်မာအစိုးရနှင့် ထိုင်းနိုင်ငံ မြန်မာသံရုံးရှိ တာဝန်ရှိသူများက ဂရုမစိုက်ဘဲ ပစ်ပယ်ထားခြင်းကြောင့်ဖြစ်ကြောင်း မဟာချိုင်ရှိ မြန်မာများက ပြောသည်။
‘‘အစိုးရက ပစ်မထားဘူးဆိုရင် ကျွန်တော်တို့ ဒီလိုမျိုး အဖမ်းခံရမှာမဟုတ်ဘူး’’ မဟာချိုင်ရှိ မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ဇွန်လ ၁၇ ရက်က ထိုင်းနိုင်ငံ မြန်မာသံရုံးရှေ့တွင် တစ်ကိုယ်တော်ဆန္ဒပြ ကန့်ကွက်ခဲ့သူ ကိုစောမောင်ကပြောသည်။
မဟာချိုင်တွင်သာမက ထိုင်းနိုင်ငံတောင်ပိုင်းရှိ မြို့နယ်များတွင် နေထိုင်သော မြန်မာအချို့လည်း ဖမ်းဆီးခံရသည်။ ဇွန်လ ၃ ရက်တွင် မဲဆောက်မြို့၌ တရားမဝင် မြန်မာနိုင်ငံသားများကို ထိုင်းစစ်တပ်နှင့် လူဝင်မှုကြီးကြပ်ရေးတို့က ဝင်ရောက်ဖမ်းဆီးရာ မြန်မာနိုင်ငံသား ၁၆၃ ဦး ဖမ်းဆီးခံခဲ့ရသည်။ ထိုဖမ်းဆီးခံရမှုတွင် ကလေးငယ် ၅၅ ဦး ပါဝင်ခဲ့သည်။
ထို့အပြင် ဇွန်လ ၁၁ ရက်က ချင်းမိုင်မြို့တွင် မြန်မာလုပ်သား ၃၀ ဦး ဖမ်းဆီးခံရသည်။ ဇွန်လ ၃ ရက်ကလည်း မဲဆောက်မြို့ရှိ မြန်မာလုပ်သား ၁၈၀ ဦး ဖမ်းဆီးခံရပြီး ဇွန်လ ၁၈ ရက်တွင်လည်း မဲဆောက်မြို့သို့ ခိုးဝင်လာသော မြန်မာ ၁၈ ဦး ဖမ်းဆီးခံခဲ့ရသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ပလုပ်သားများ ပထမဆုံးအကြိမ် စီမံချက်ကဲ့သို့ ဖမ်းဆီးရာတွင် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသား ၈၀၀ နီးပါး ဖမ်းဆီးခံရခြင်း ဖြစ်သည်။
ဇွန်လ ၃ ရက်က ဖမ်းဆီးခံရသော ၁၆၃ ဦးကို နေ့ချင်းပြန်ပို့ပေးခဲ့ပြီး နောက်ရက်များတွင် ဖမ်းဆီးခံရသူများကိုလည်း ပြန်လွှတ်ပေးခဲ့သည်။
မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ အမျိုးသားငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးပရာယွတ်က ဇွန်လ ၁၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အာရှပစိဖိတ်ဒေသအတွင်း နိုင်ငံများတွင် လူမှောင်ခိုကုန်ကူးမှုဖြစ်စဉ်များကို အမေရိကန်က လေ့လာစောင့်ကြည့်လျက်ရှိရာ ထိုင်းနိုင်ငံသည် လွန်ခဲ့သည့်လေးနှစ်ခန့်က စောင့်ကြည့်အဆင့် နံပါတ်(၂)အဖြစ် ထည့်သွင်း သတ်မှတ်ခံရခြင်းကြောင့် တရားမဝင်နေထိုင်သော ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးနေခြင်းဖြစ်သည်ဟု ဆိုသည်။
ဖမ်းဆီးခံရသောလုပ်သားများ၏ နိုင်ငံအစိုးရက ထိုင်းစစ်အစိုးရအပေါ် အပြစ်တင်မှုကို မလိုလားသလို၊ စီးပွားရေးထိခိုက်မှုများကို မလိုလားသောကြောင့် ဖမ်းဆီးမှုကို အလျင်စလိုပြုလုပ်မည်မဟုတ်ကြောင်း ထိုင်းအာဏာသိမ်းစစ်တပ်ခေါင်းဆောင်က ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့အပြင် မူးယစ်ဆေးဝါးရောင်းဝယ်မှုများ၊ လူကုန်ကူးမှုများနှင့် လက်နက်ရောင်းဝယ်ရေး စသည့်လုပ်ငန်းများကို ထိန်းချုပ်ရန်အတွက် တရားမဝင်နေထိုင်သူများကို ရှင်းလင်းခြင်း၊ ဖမ်းဆီးခြင်းဖြစ်ကြောင်း ထိုင်းယာယီအစိုးရကဆိုသည်။
မြန်မာနိုင်ငံသားများကို သီးသန့်ဖမ်းဆီးခြင်းမဟုတ်ဘဲ တရားမဝင်နေထိုင်သော အခြားနိုင်ငံမှ နိုင်ငံသားများလည်း ဖမ်းဆီးခံရမှုတွင် ပါဝင်ခဲ့သည်။
ထိုင်းစစ်တပ်၏ ဖမ်းဆီးမှုများကြောင့် ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သား နှစ်သိန်းကျော်လည်း နေရပ်သို့ပြန်သွားခဲ့ကြသည်။
ကမ္ဘောဒီးယားနိုင်ငံသား နှစ်သိန်းကျော်ပြန်သွားခဲ့ရာမှ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်ရန် လုပ်သားရှားပါးမည်ကို စိုးရိမ်သောကြောင့် ဖမ်းဆီးမှုများ ရပ်တန့်ရန် အစိုးရကိုတောင်းဆိုခဲ့သည်။ ထိုသို့ တောင်းဆိုခြင်းကြောင့် ဖမ်းဆီးမှုများကို ရပ်တန့်ခဲ့ရာ မြန်မာလုပ်သားများ သက်သာရာရခဲ့သည်။
ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်သော မြန်မာနိုင်ငံသားသုံးသန်းကျော်၊ လေးသန်းခန့်ရှိသည်။ အများစုမှာ တရားမဝင်လုပ်သားများဖြစ်သည်။ ကမ္ဘောဒီးယား၊ လာအို၊ ဘင်္ဂလားဒေ့ရှ်နှင့် အင်ဒိုနီးရှားနိုင်ငံမှ လုပ်သားများလည်း လာရောက်လုပ်ကိုင်ကြသည်။
မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ မြန်မာသံရုံးမှ သတိပေးထုတ်ပြန်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သည်။  မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရမှုများရှိပါက မြန်မာသံရုံးသို့ ဆက်သွယ်အကြောင်းကြားရန် ထိုင်းနိုင်ငံ မြန်မာသံရုံးက ဖုန်းနံပါတ်များ ကြေညာခဲ့သည်။ မြန်မာအစိုးရကလည်း ဖမ်းဆီးခံရမှုသတင်းများ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးခဲ့သည်။
လက်တွေ့တွင် မြန်မာသံရုံးသို့ ဆက်သွယ်အကူအညီတောင်းခံရန် ဖုန်းနံပါတ်များ ထုတ်ပြန်ထားသော်လည်း ဆက်သွယ်အကူအညီတောင်းခံသူအချို့ကမူ အဆင်မပြေဟုဆိုသည်။ သံအမတ်ကြီးထံ ဖုန်းနံပါတ်တောင်းသော ကိုစောမောင်မှာ သံအမတ်ကြီးနှင့် အချေအတင် စကားများခဲ့သည်။
‘‘မြန်မာနိုင်ငံသားတွေကို ပစ်မထားဖို့နဲ့ ကူညီဖို့ကို နိုင်ငံခြားရေးဝန်ကြီးဌာနက မှာထားပါတယ်။ ဦးတို့လည်း လိုက်လံစုံစမ်းပြီးပါပြီ။  ဖမ်းဆီးထားတာမရှိတော့ပါဘူး။ လက်ရှိဖမ်းဆီးနေတာနဲ့ပတ်သက်ပြီး ထိုင်းစစ်တပ်နဲ့လည်း တွေ့ပြီးပါပြီး။  ဖမ်းဆီးခံရရင် ချက်ချင်းပြောပါ။ ဖမ်းဆီးထားတဲ့သူတွေရှိရင် ဘယ်မှာရှိလဲပြောပါလို့တောင် ပြောပါတယ်’’ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ပြောသည်။
ဦးဝင်းမောင်က ထိုင်းစစ်အစိုးရမှ တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံသောအခါ မြန်မာလုပ်သားများကို ဖမ်းဆီးမည်မဟုတ်ဟု ကတိပေးသည်ဟုဆိုသည်။
မဟာချိုင်မှ အလုပ်သမားများကတော့ ယခုတစ်ကြိမ်ဖမ်းဆီးမှုမှာ ယခင်နှင့်မတူဘဲ ပိုမိုကြမ်းတမ်းခဲ့သည်ဟုဆိုသည်။
မဟာချိုင်ရှိ မြန်မာများကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရာတွင် ပတ်စ်ပို့ရှိပါက အိတ်ကပ်အတွင်း မြင်းဆေး(ရာဘ)ထည့်ဖမ်းခြင်း၊ ကိန်းဂဏန်းများပါသည့် စာရွက်စာတမ်းများတွေ့ရှိပါက ချဲဂဏန်းများဟုဆိုကာ ဖမ်းဆီးခြင်း၊ ဒဏ်ငွေမဆောင်ဘဲ ကွန်ပျူတာအသုံးပြုသော မြန်မာများအား ဖမ်းဆီးခြင်းစသဖြင့် အကြောင်းပြချက်မျိုးစုံဖြင့် ဖမ်းဆီးနေခြင်းဖြစ်ကြောင်း မဟာချိုင်ရှိ မြန်မာများက ဆိုသည်။
‘‘မြန်မာတွေဆို သူတို့လုပ်ချင်သလို လုပ်လို့ရတယ်ဆိုပြီး လုပ်နေတာ။ ကွန်ပျူတာသုံးတဲ့သူဆိုရင်လည်း ဘာမှမပြောဘဲဖမ်းတယ်။ အဖမ်းမခံချင်ရင် တစ်လကို ဘတ် ၅၀၀ ပေးမှ သုံးလို့ရတယ်’’ဟု မဟာချိုင်ရှိ ရွှေ့ပြောင်းလုပ်သားကလေးများကို ပညာသင်ပေးနေသော ကျောင်းဆရာ ကိုဖြိုးသစ်ဆန်းကပြောသည်။
မဟာချိုင်ရှိ မြန်မာလုပ်သားအများစုမှာ ငါးဖမ်းလုပ်ငန်း၊ ရေထွက်ကုန်လုပ်ငန်းတို့တွင် အများဆုံးလုပ်ကိုင်နေကြပြီး တစ်နေ့ဝင်ငွေမှာ ဘတ် ၂၅၀ (ကျပ်ငွေ ၇,၀၀၀)ဝန်းကျင်ရရှိသည်။ အထည်ချုပ်စက်ရုံနှင့် ဖိနပ်စက်ရုံတို့တွင်လည်း လုပ်ကိုင်သူများရှိကြသည်။
မြန်မာလုပ်သားများအား ဖမ်းဆီးမှုသည် ယခင်က အနည်းငယ်သာရှိသော်လည်း ယခုစစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရမှု ပိုများလာခြင်းဖြစ်သည်။
မြန်မာလုပ်သားများ အဓိက ရင်ဆိုင်ရသည့် ပြဿနာသည် ထိုင်းလုပ်သားများနှင့် တန်းတူအခွင့်အရေးမရရှိမှုနှင့် တရားဥပဒေ အကာအကွယ်မဲ့နေသည်က အဓိကရင်ဆိုင်ရသည့် ပြဿနာဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။
‘‘ကျွန်တော်တို့လိုအပ်နေတာ ထိုင်းအလုပ်သမားတွေနဲ့ တန်းတူအခွင့်အရေးရဖို့၊ တရားဥပဒေအကာအကွယ်နဲ့ မြန်မာအစိုးရရဲ့ ရင်ဝယ်သားလို ဂရုတစိုက်နဲ့ ကူညီစောင့်ရှောက်မှုတွေ အရမ်းလိုအပ်နေတယ်။ တရားမဝင်နေတဲ့သူတွေကို တရားဝင်ဖြစ်အောင်လုပ်ပေးရမှာ အစိုးရတာဝန်ပဲ’’ဟု ကိုစောမောင်ကပြောသည်။
‘‘ထိုင်းကိုလွှတ်ထားတဲ့ သံမှူး၊ သံအမတ်နဲ့ အလုပ်သမားသံအရာရှိဟာ အလုပ်သမားကိစ္စတွေကို ဘယ်ကစလို့ စရမှန်းမသိဘူး၊ နားမလည်ဘူး။ နားလည်အောင်လည်း မကြိုးစားဘူး။ အဲဒီလူတွေအတွက် မြန်မာနိုင်ငံကသူတွေက ပြန်ကြည့်မပေးတာ မအံ့ဩဘူး’’ဟု ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်ပေးနေသော ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်းက ပြောသည်။
ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်သော ရွှေ့ပြောင်းမြန်မာလုပ်သားများအတွက် ဖမ်းဆီးခံရမှုနှင့် တန်းတူအခွင့်အရေး မရရှိမှုများမှာ ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်သော မြန်မာများသာမက မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်သော မြန်မာများလည်း ခံစားနေရသည်။
၂၀၁၃ ခုနှစ်အတွင်း မလေးရှားနိုင်ငံတွင် နေထိုင်သည့် တရားမဝင် မြန်မာနိုင်ငံသားများကို အင်အားသုံးဖမ်းဆီးရာ လူဦးရေတစ်ထောင်ကျော် ဖမ်းဆီးခံရသည်။ ထိုသို့ ဖမ်းဆီးခံရမှုများကြောင့် မလေးရှားနိုင်ငံတွင် လုပ်ကိုင်နေသော မြန်မာနိုင်ငံသား သုံးထောင်ကျော် ပြန်ရောက်လာခဲ့သည်။
နိုင်ငံဖြတ်ကျော် သွားရောက်လုပ်ကိုင်နေသော အိမ်ဖော်အိမ်အကူများ အပါအဝင် မြန်မာနိုင်ငံသားအလုပ်သမားများအတွက် ဘဝလုံခြုံမှုကို အကာအကွယ်ပေးနိုင်သော နိုင်ငံခြားရောက် မြန်မာအလုပ်သမားများဆိုင်ရာ အထူးဥပဒေတစ်ရပ် အလျင်အမြန် ပြဋ္ဌာန်းပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းသောအဆိုကို ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က ဇွန်လ ၉ ရက်က အဆိုတင်ပြရာ ရှုံးနိမ့်ခဲ့သည်။ ထိုအဆိုရှုံးနိမ့်ခြင်းသည် ပြည်ပရောက်အလုပ်သမားကို ဖိနှိပ်ခံရမှု ဆက်ခံစားနေရမည့်သဘောဖြစ်သည်။
‘‘အခုအစိုးရလက်ထက်မှာ တရားမဝင်နေတဲ့သူတွေကို တရားဝင်ဖြစ်အောင်လုပ်ပေးရင် ကျေနပ်ပါပြီ။ ဒီလိုမှမဟုတ်ရင် မဟာချိုင်မှာနေတဲ့သူတွေက မသေခင်ရသလောက်စု။ ဘယ်နေ့ ဘယ်သူအဖမ်းခံရမလဲဆိုတာ စောင့်ရင်း အသက်ရှင်နေရတဲ့သူတွေပါ’’ဟု ကိုဖြိုးသစ်ဆန်းက ပြောသည်။


7day daily