ချဉ်စပ်ဆိမ့်တဲ့ ရှမ်းအမဲသားထောင်းနဲ့ ဆာခုပ် အမဲတွင်းသား ဘယ်မှာရမလဲ

ပို့စ်တင်ချိန် - 6/03/2014 05:26:00 PM



ဟင်းချက်ဝါသနာပါသူတွေအတွက် ရှမ်းစတိုင်လ် အမဲသားထောင်းကို ရွှေနန့်ခမ်းဆိုင်ပိုင်ရှင်ကိုယ်တိုင် လက်စွမ်းပြ ချက်ပြုတ်ပေးမှာပါ။ ရွှေနန့်ခမ်းဆိုင်ရဲ့ ထူးခြားတဲ့ဟင်းလျာတွေကတော့ ဆာ့ခုပ်၊ အမဲထောင်းအပြင် အမဲမွကင်၊ အမဲမွကြော်၊ အမဲစွပ်ပြုတ်၊ လျှာကင်၊ အမဲအူကြမ်း၊ ဆာသလုတို့ဖြစ်ပါတယ်။

အခါး၊ အဆိမ့်နဲ့ အချဉ် ၃မျိုးစလုံးပါတဲ့ ဆာ့ခုပ် အမဲတွင်းသားကတော့ အအေးစာဖြစ်တာကြောင့် ကျန်းမာရေးအတွက် ကောင်းသလို စားလို့လည်းကောင်းတယ်လို့ ရွှေနန့်ခမ်းရဲ့ ဆာ့ခုပ်လက်ရာကို မြည်းစမ်းကြည့်တဲ့ ကိုဝင်းသော်ဦးက ဆိုပါတယ်။

ရှမ်းဘာသာနဲ့ ဆာ့ခုပ်လို့ခေါ်တဲ့ အမဲအတွင်းသားဟင်းလျာ ထူးခြားသလို ဆိုင်ပိုင်ရှင် နန်းအေးမေကိုယ်တိုင် အမဲသားထောင်းကို လုပ်ပြဦးမှာပါ။ အမဲထောင်းအတွက် ပါဝင်ရမယ့် အမယ်တွေကတော့ အမဲသား၊ ပင်စိမ်း၊ ဖက်ဖယ်ရွက်၊ ရှမ်းနံနံ၊ ငရုပ်သီးစိမ်း၊ ကြည်သွန်ဖြူနဲ့ ဆားပါ။ ပထမဆုံး အမဲသားကို ဆား၊ ဟင်းချိုမှုန့်၊ အရောင်တင်မှုန့်၊ စမုံစပါးစေ့နဲ့ နယ်ရပါမယ်။

တစ်ညသိပ်ထားတဲ့ ဒီနယ်ပြီးအမဲသားကို နောက်တစ်ရက်မှာ ရေနည်းနည်းနဲ့ တစ်နာရီလောက်ပေါင်းရပါမယ်။ ပေါင်းပြီးသား အသားကို ကင်နေတဲ့အချိန်မှာ ကြက်သွန်ဖြူ၊ ဆားနည်းနည်းနဲ့ ဆုံထဲမှာထည့်ထောင်းရပါမယ်။ ထောင်းပြီးရင်တော့ ပင်စိမ်း၊ ဖက်ဖယ်နဲ့ ရှမ်းနံနံတို့ကို ထောင်းရပါမယ်။

ကင်ထားတဲ့အမဲသားကို စဥ့်နီတုံးပေါ်တင်ပြီး အသားကိုမွရပါမယ်။ မွထားပြီးတဲ့အမဲသားကို ဆုံထဲထည့်ထောင်းပြီးရင်တော့ နံနံပင်လေးအုပ်ထားတဲ့ အမဲသားထောင်းရပါပြီလို့ နန်းအေးမေက ဆိုပါတယ်။ ရှမ်းရိုးရာအစားအစာကို အားလုံးအတွက် ပြင်ဆင်ပေးရလို့ သူက ပီတိဖြစ်ရပါတယ်တဲ့။

အမဲသားထောင်းရဲ့ ထူးခြားချက်ကတော့ ချဉ်ဆိမ့်စပ်တဲ့ အရသာရှိပြီး နူးညံ့သလို ခြောက်ကပ်ကပ်လည်း ဖြစ်မနေပါဘူး။ မြေနီကုန်း ရှမ်းကုန်းလမ်းထဲက ရွှေနန့်ခမ်း စားသောက်ဆိုင်မှာ အမဲသားထောင်းကို မြည်းစမ်းနိုင်ပါပြီ။
Kamaryut Media