ဒုတိယ ဒေါ်အောင်ဆန်းစုကြည် ပေါ်လာနိုင်ဟု ဦးတင်ဦး ပြော

ပို့စ်တင်ချိန် - 6/03/2014 05:07:00 PM


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အတွက် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော အမျိုးသမီးခေါင်းဆောင် တစ်ဦး ထပ်မံပေါ်ထွက်လာနိုင်ခြေရှိသည်ဟု အင်န်အယ်လ်ဒီနာယက ဦးတင်ဦးက ဇွန် လ ၂ ရက်တွင် မဇ္ဈိမကို သုံးသပ်ပြောဆိုသည်။

“လူကြီးတွေက နေရာဖယ်နေပါပြီ။ လူငယ်တွေ ပါဝင်လာနေကြပါပြီ။ အဲဒီထဲမှာ ဒုတိယဒေါ်အောင်ဆန်းစုကြည်လည်း ပေါ်ပေါက်လာနိုင်မယ်” ဟု ဦးတင်ဦးက ပြောသည်။

အင်န်အယ်လ်ဒီသည် အနာဂတ် မြန်မာ့နိုင်ငံရေးတွင် ဦးဆောင်နိုင်ရန်လူငယ် အရန်ခေါင်းဆောင်များ မွေး ထုတ်နိုင်ရေး ကြိုးပမ်းနေပြီး နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကျင်းပရန် ပြင်ဆင်နေချိန်တွင် ယင်းသို့ မှတ်ချက်ပြုခြင်းဖြစ်သည်။

လက်ရှိတွင် အင်န်အယ်လ်ဒီကို အသက် ၆၈ နှစ်ခန့် ရှိနေပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဦးဆောင်နေခြင်းဖြစ်သည်။

“သူ့ကိုပဲ တစ်ချိန်လုံးမှီခိုနေလို့၊ ၀ိုင်းဝန်းနေလို့ မရဘူးလေ။ သူကလည်း မအိုမနာ မသေမှမဟုတ်တာ” ဟု ဦးတင်ဦးက ပြောသည်။

သို့သော် အင်န်အယ်လ်ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော ခေါင်းဆောင်အဖြစ် ပေါ်ထွက်လာ မည့်သူမည်သူ၊ မည်ဝါ ဖြစ်သည်ကိုမူ ပြောဆိုခြင်းမရှိ သေးပေ။

ပါတီအရန်ခေါင်းဆောင်များတွင် အဓိကအားဖြင့် အမျိုးသမီးနှင့် တိုင်းရင်းသူများ ပါဝင်လာနိုင်ရန် အခြေခံ မူသတ်မှတ်ထားပြီး ယခုနှစ်နှောင်းပိုင်း ကျင်းပမည့်ကြား ဖြတ်ရွေးကောက်ပွဲ နောက်ပိုင်းတွင် နိုင်ငံရေး လောကအတွင်း ပေါ်ထွက်လာမည်ဟု ဦးတင်ဦးက ဆိုသည်။

နိုင်ငံတစ်ဝန်း မြို့နယ်အဆင့်လူငယ် ညီလာခံများ ကျင်းပအပြီး အရန်လူငယ် ခေါင်းဆောင် ၄,၅၀၀ ခန့် ရွေးချယ်ထားပြီး ထက်ဝက်မှာ အမျိုးသမီးများဖြစ်သည်ဟု လူငယ်ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌက ပြောသည်။

အင်န်အယ်လ်ဒီ၏ လက်ရှိဖွဲ့စည်းပုံ၌ နာယကအဖွဲ့၊ ဥက္ကဋ္ဌရာထူးနှင့် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် များသာရှိပြီး ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးတာဝန်တို့ကို ထမ်းဆောင်နေသူ မရှိသေးပေ။

မင်းမင်း၊ နန်းလွင်နှင်းပွင့်| အင်္ဂါနေ့၊ ဇွန်လ ၃ ရက်၊ ၂၀၁၄ ခုနှစ်
Mizzima Burmese