တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုများကို ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ် မရေးထိုးရန် မှာကြားထား

ပို့စ်တင်ချိန် - 6/03/2014 05:52:00 PM


တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစု ၀င်များကို ပုဒ်မ၄၃၆ ပြင်ဆင်ရေး အတွက် လက်မှတ်ထိုးမှုများ မပြုလုပ်ကြရန် မှာကြားထားကြောင်း တပ်မတော် အသိုင်းအ၀ိုင်းမှ စုံစမ်းသိရသည်။

           ယင်းကဲ့သို့ တားမြစ်ရာ၌ သက်ဆိုင်ရာ တပ်ရင်းအလိုက် တပ်ရင်းတစ်ခုလုံးကို အစည်း ဝေးခေါ်ယူ၍ သတိပေး ခဲ့ခြင်းဖြစ်ပြီး၊ အကယ်၍ မလိုက်နာပါက ပြင်းထန်သော ပြစ်ဒဏ်ချ မှတ်သွားမည်ဟု ပြောကြားထားကြောင်း တပ်မတော်သား အချို့နှင့် ၎င်းတို့၏ မိသားစုများထံ မှ သိရသည်။

            ““ပုံမှန်အစည်းဝေး လုပ်တဲ့အချိန်မှာ ပုဒ်မ ၄၃၆ ကို လက်မှတ်မထိုးကြဖို့၊ လာထိုးခိုင်းရင်လည်း မထိုးဖို့ ပြောတယ်။ သူတို့ ပြောချင်တာ ကတော့ နိုင်ငံတော် လစာငွေကို စားနေကြတဲ့  အတွက် ဒီလိုတွေ မလုပ်ဖို့ ပြော တာပါ””ဟု နေပြည်တော် တိုင်းဒေသကြီး စစ်ဌာနချုပ် လက်အောက်ရှိ လက်နက်ပြင် တပ်ရင်းတစ်ခုမှ တပ်ကြပ်တစ်ဦး၏ ဇနီးက ပြောသည်။

            ထို့အပြင် တပ်မတော်သား များ၏ မိသားစုဝင်များ အနေဖြင့်လည်း တပ်ရင်း အတွင်း နေထိုင်သည် ဖြစ်စေ ပြင်ပတွင် နေထိုင်သည်ဖြစ်စေ လက်မှတ် မရေးထိုးရန် အတွက်လည်း မှာကြားထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

            ““အရင်တည်းက နိုင်ငံရေးနဲ့ ပတ်သတ်ရင် ခပ်ကင်းကင်းနေဖို့ မှာထားတာ၊ ခုဒီလို ပြောတာ သိပ်တော့ အဆန်း မဟုတ်တော့ဘူး”” ရန်ကုန်တိုင်း ဒေသကြီး စစ်ဌာနချုပ် လက်အောက်မှ အမည် မဖော်လိုသည့် တပ်မတော်သား တစ်ဦးက ပြောသည်။

            အဆိုပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် လက်မှတ်ရေးထိုးမှုကို NLD ပါတီမှ ဦးဆောင် ကောက်ယူနေခြင်း ဖြစ်ပြီး၊ မည်သူမဆို လက်မှတ် ရေးထိုးနိုင်ရန် အတွက် မြို့နယ် အသီးသီးရှိ NLD ရုံးများတွင် လက်မှတ်ထိုး ကောင်တာများ ဖွင့်လှစ်ခဲ့သည်။ ထို့အပြင် အဆိုပါ လက်မှတ်ရေးထိုးမှုများသည် ဥပဒေ ဘောင်အတွင်းမှ ဆောင်ရွက်ခြင်းဖြစ်သော ကြောင့် တပ်မတော်သားများ အပါဝင် အစိုးရ ၀န်ထမ်းများ၊ ပြည်သူများကို ဖိအားပေး ခြိမ်း ခြောက်မှုများ ရှိလာပါက တရားဥပဒေ အရ အရေးယူ ဆောင်ရွက်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ထားခဲ့သည်။

            ““ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီးတော့ ဘာမှတော့ ပြောမထားဘူး။ ပါတီ နိုင်ငံရေးတွေ မလုပ်ဖို့၊ နိုင်ငံရေး ပါတီတွေနဲ့ မပတ်သက်ဖို့ လောက်ပဲ ပြောထားတယ်”” ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ တပ်မတော်မှ ဗိုလ်မှူးကြီး အဆင့် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

            ပုဒ်မ ၄၃၆ ကို ပြင်ဆင်းရန် အတွက် ပြည်သူများ၏ သဘောထား လက်မှတ်ကို ကောက်ခံရခြင်းမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အရေးကြီး အချက် အချို့တို့ကို ပြင်ဆင်လိုလျှင် ပြည်သူလူထုက ရွေးချယ်တင် မြှောက်ထားသော ကိုယ်စားလှယ် များ၏ ဆန္ဒဖြင့် ပြင်ဆင်မရသည့် အပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ သဘောထား မှတ်ချက် ပါမှသာ ပြင်ဆင်နိုင်မည်ဟု ယင်းပုဒ်မ ၄၃၆ က ပြဋ္ဌာန်းထား သောကြောင့် အဆိုပါ ဥပဒေကို ဦးစွာ ပြင်ဆင်ရန် ကြိုးပမ်းခြင်း ဖြစ်ကြောင်း သိရသည်။

            အဆိုပါ ပုဒ်မ ၄၃၆ လက်မှတ် ရေးထိုးမှု များကို မေလ(၂၇)ရက်နေ့ မှယခုလ (၁၉)ရက် နေ့အထိ တစ်နိုင်ငံလုံးတွင် ပြုလုပ် သွားမည် ဖြစ်ပြီး၊ ရရှိသော အချက်လက်များကို လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်သည်။ အဆိုပါ လက်မှတ် ရေးထိုးမှုကို တပ်မတော်သားများ အပါအ၀င် အစိုးရ အဖွဲ့ကလည်း ပါဝင် လက်မှတ် ရေးထိုးကြရန် ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်း ထားသည်။

The Messenger News Daily