ကောက်ရ ဆင်းကဒ်အလွတ်ကို ရဲစခန်းသို့ လာရောက်အပ်နှံသည့် အသက်မပြည့်သူအား ရဲများက ဖမ်းဆီးချုပ် နှောင်ကာ ရိုက်နှက်ထား ဟု ဆို

ပို့စ်တင်ချိန် - 6/03/2014 05:51:00 PM


သို့
ပြည်နယ်ရဲတပ်ဖွဲ့မှူး
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး
စစ်တွေမြို့


ရက်စွဲ - ၂၀၁၄ ခုနှစ် ဇွန်လ (၃) ရက်
အကြောင်းအရာ။ ။ မဟုတ်မမှန် စွပ်စွဲပြီး ချုပ်နှောင်ထားသည့်အတွက် ဥပဒေနှင့်အညီ ဖြစ်နိုင်ရေး ကူညီဆောင်ရွက် ပေးပါရန် အသနားခံ တင်ပြခြင်း။
ရိုသေစွာဖြင့် -

၁။ အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ ကျွန်တော်သည် စစ်တွေမြို့၊ မင်းဘာကြီးလမ်း၊ ကျောင်းတက်လမ်းရပ်ကွက်၊ အိမ်အမှတ် (၂၉၄) တွင်နေထိုင်သူဖြစ်ပါသည်။ ကျွန်တော်နှင့်အတူ မြေးတော်စပ်သူ အောင်ဆန်းဝင်း (ခေါ်) ညီချေ (ဘ) ဦးကျောက်သီးအောင် လည်းနေထိုင်လျက်ရှိပါသည်။ ၂၉-၅-၂၀၁၄ ရက်နေ့ ညနေ (၃) နာရီ နှင့် (၄)နာရီကြားတွင် အောင်ဆန်းဝင်း (ခေါ်) ညီချေ သည် ဆိုင်ကယ်ဖြင့်သွားစဉ် မင်းဘာကြီးလမ်း နှင့် ကုန်သည်လမ်းထောင့် မှ ဖုန်း ဆိမ်းကဒ် အလွတ်တစ်ခု ကောက်ရခဲ့ကြောင်း သိရှိရပါသည်။

၂။ ထို့ကြောင့် ၄င်းဆိမ်းကဒ်မှာ ဆက်သွယ်၍ ရမရ သိရှိနိုင်ရေးအတွက် အခြား ဟန်းဆက် တစ်ခုတွင် ထည့်လိုက်သည်နှင့် တစ်ဘက်မှ ဆက်သွယ်လာရာ အမှတ် (၁) ရဲစခန်းမှ ဆိမ်းကဒ် ဖြစ်ကြောင်း သိရှိရပါသည်။ ၄င်း ဆိမ်းကဒ်ကို အမြန်ဆုံး လာရောက်ပေးကပ်ရန် အကြောင်းကြား၍ ချက်ချင်းပင် အမှတ်(၁) ရဲစခန်းသို့ အောင်ဆန်းဝင်း (ခေါ်) ညီချေ ကိုယ်တိုင် သွားရောက်အပ်နှံသောအခါ မဟုတ်မမှန် စွပ်စွဲလျက် ဖမ်းဆီးချုပ်နှောင်ခံရကြောင်း သိရှိရပါသည်။ အုပ်ထိန်းသူ ဖြစ်သည့် ကျွန်တော်တို့အား အသိပေးခြင်း မရှိဘဲ ယနေ့တိုင် တွေ့ဆုံရခြင်းလည်း မရှိသေးပါ။ ထို့ပြင် ဖမ်းဆီးခံရသည့်နေ့မှစ၍ တရားနည်းလမ်းမကျသည့် ကိုယ်ထိလက်ရောက် သတ်ပုတ်ရိုက်နှက်ခြင်းများ ပြုလုပ်ခံရကြောင်းလည်း ကြားသိရပါသည်။

၃။ အောင်ဆန်းဝင်း (ခေါ်) ညီချေ မှာ တိုင်းပြည်အတွက် လူမှုအဖွဲ့အစည်းများဖြစ်သည့် အရံမီးသတ် အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ အခြားလုံခြုံရေးသင်တန်းများကို တက်ရောက်၍ လည်းကောင်း တက်ကြွစွာပါဝင် ဆောင်ရွက်နေသူလည်း ဖြစ်ပါသည်။ ရိုးသားပြီး အကျင့်စာရိတ္တ ကောင်းမွန်သူ တစ်ဦးဖြစ်ကြောင်းကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်အား ပူးတွဲတင်ပြအပ်ပါသည်။

၎။ သို့ဖြစ်ပါ၍ ကောက်ရထားသည့် ပစ္စည်းအား ရိုးသားစွာအပ်နှံပေးခဲ့သူကို ယခုကဲ့သို့ မဟုတ်မမှန်စွပ်စွဲကာ ဖမ်းဆီး ချုပ်နှောင်ထားခြင်း နှင့် ပတ်သက်၍ ဥပဒေ နှင့် အညီ ဖြစ်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးပါရန် အသနားခံတင်ပြ လျှောက်ထားအပ်ပါသည်။
လေးစားစွာဖြင့် -

(ဦးဦးထွန်းသာ)
ဖုန်း - ၀၉၄၂၁၇၆၆၂၆၉
ကျောင်းတက်လမ်းရပ်ကွက်၊ စစ်တွေမြို့။
=======================
အယ်ဒီတာ့ မှတ်ချက်။ ။ အောင်ဆန်းဝင်း (ခေါ်) ညီချေ မှာ အသက် (၁၇) နှစ်မျှသာ ရှိသေးသည် ဟု သိရပါသည်။

စစ်တွေ ၊ ၀၃ ဇွန်လ ၂၀၁၄ ၊ Coral Arakan News ၊ [ တိုင်စာ ]