ရွှေတြိဂံဒေသတွင်း နိုင်ငံများအနက် မြန်မာနိုင်ငံမှာ ဘိန်းထုတ်လုပ်မှု အမြင့်ဆုံးဖြစ်ပြီး ဆင်းရဲမွဲတေမှု၊ လက်နက်ကိုင် ပဋိပက္ခများနှင့် အကျင့်ပျက်ခြစားမှုတို့မှာ အဓိကအကြောင်းကြောင့် ဖြစ်ကြောင်း TNI Report တွင်ဖော်ပြ

ပို့စ်တင်ချိန် - 6/03/2014 01:05:00 PM


(ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်စမ်တွင် (TNLA) မှ စစ်သားများ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးနေသည်ကို ဇန်န၀ါရီလအတွင်းက တွေ့ရစဉ်)


ရွှေတြိဂံဒေသတွင်း နိုင်ငံများဖြစ်သော မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံများအနက် မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အမြင့်ဆုံးဖြစ်ပြီး လက်နက်ကိုင် ပဋိပက္ခများ နှင့် အကျင့်ပျက်ခြစားမှုတို့မှာ အဓိက အကြောင်းရင်းများ ဖြစ်ကြောင်းလည်း (Transnational Institute -TNI) ၏ Bouncing back relapse in the golden triangle Report တွင်ဖော်ပြထားချက်များအရ သိရသည်။

အလားတူ ရွှေတြိဂံဒေသအတွင်းရှိ မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံများအနက် မြန်မာနှင့် လာအိုနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုမှာ ၂၀၀၆ ခုနှစ်မှစ၍ နှစ်ဆမြင့်တက်လာခဲ့ကြောင်း အဆိုပါ Report တွင်ဖော်ပြ ထားချက်များ အရသိရသည်။ ၂၀၁၃ ခုနှစ်အတွက် UNODC ၏ ထုတ်ပြန်ချက်အရ မြန်မာတစ်နိုင်ငံတည်း၏ ထုတ်လုပ်မှု ဟက်တာ ၅၇၀၀၀ ရှိပြီး၊ လာအိုနိုင်ငံ၏ ထုတ်လုပ်မှု ဟက်တာ ၄၀၀၀ နှင့် ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှု ဟက်တာ ၂၆၀ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်တမ်းအတွင်း ၁၉၉၈ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း မြန်မာ၊ ထိုင်း၊ လာအိုတို့ ချိတ်ဆက်နေသော ရွှေတြိဂံဒေသနိုင်ငံများတွင် ဘိန်းစိုက်ပျိုးမှု ကျဆင်းခဲ့သော်လည်း ၂၀၀၆ ခုနှစ်မှစ၍ နှစ်စဉ်တိုးတက် လာခဲ့ကြောင်း၊ ယင်းကဲ့သို့ တိုးတက်လာသည့် အနေအထားသည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့နှင့် ချိတ်ဆက်ပြီး တိုးတက်လာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ မြင့်တက်လာသည့် အနေအထားသည် ဒေသတွင်း ကျင့်သုံးနေသော မူးယစ်ဆေး ထိန်းချုပ်ရေးမူဝါဒနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ချမှတ်ထားသော မူဝါဒဖြစ်သည့် ၂၀၁၅ တွင် မူးယစ်ဆေးဝါး ကင်းရှင်းသည့်ဒေသ (drug free zone) ဖြစ်ပေါ်လာရေးဆိုသည့် မူဝါဒများအပေါ် မေးခွန်းထုတ်စရာများ ဖြစ်လာကြောင်းလည်း အဆိုပါ စစ်တမ်းတွင် သုံးသပ်တင်ပြထားသည်။ အထူးသဖြင့် ရွှေတြိဂံဒေသ၏ မူးယစ်ဆေးဝါးဈေးကွက် ကြီးထွားလာမူသည် အိန္ဒိယနိုင်ငံ တရုတ်နိုင်ငံတို့နှင့် ချိတ်ဆက်၍ ကြီးထွားလာခြင်းဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံမြောက်ပိုင်း၏ စိုက်ပျိုးထုတ်လုပ်မှုသည် မြန်မာပြည်မှ လိုအပ်ချက်နှင့် ချိတ်ဆက်နေကြောင်း၊ အဘယ်ကြောင့်ဆိုသော် အိန္ဒိယနှင့် တရုတ်နှစ်နိုင်ငံသည် ဘိန်းဖြူထုတ်လုပ်ရာတွင် လိုအပ်သော ဓာတုပစ္စည်းများကို အဓိက ထောက်ပံ့ပေးနေသော နိုင်ငံဖြစ်ပြီး၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအတွက် လိုအပ်သော (ATS- Amphetaminetype Stimulants) တို့ကို ထုတ်လုပ်ပေးနေ သောကြောင့်ဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ရွှေတြိဂံဒေသသည် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တိုးတက်လျက်ရှိပြီး TNI နှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အေဂျင်စီတို့မှ ရရှိထားသော ကိန်းဂဏန်းများအရ ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း သိသိသာသာ တိုးတက်လာကာ အထူးသဖြင့် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် တောင်ပိုင်းဒေသသည် အများဆုံးဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ အခြားဒေသများနှင့် ကချင်ပြည်နယ် တို့တွင်လည်း စိုက်ပျိုးမှုများရှိကြောင်း သိရသည်။

UNODC ၏ ထုတ်ပြန်ချက်အရ မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံတို့၏ စုစုပေါင်း ထုတ်လုပ်မှုသည် ၂၀၀၆ ခုနစ်တွင် ၂၄၀၀၀ ဟက်တာ ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် ၅၈၀၀၀ အထိရှိလာကြောင်း ယင်းအနက် ထိုင်းနိုင်ငံထုတ်လုပ်မှုမှာ ဟက်တာ ၂၀၀ မှ ၃၀၀ အထိသာရှိကြောင်း သိရသည်။ အရှေ့တောင်အာရှ ဒေသသည် ၁၀ စုနှစ်ကြာ ကျဆင်းခဲ့သည့် အနေအထားမှ ယခုတစ်ဖန် ပြန်လည်မြင့်တက်လာပြီး ၂၀၁၂ ခုနှစ်အတွက် UNODC ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ ထုတ်လုပ်မှု ၂၅ ရာခိုင်နှုန်းနှင့် လာအိုနိုင်ငံ၏ ထုတ်လုပ်မှု ၃ ရာခိုင်နှုန်းနှင့် တစ်နိုင်ငံလုံး ထုတ်လုပ်မှု ၂၈ ရာခိုင်နှုန်းရှိကြောင်း၊ ယင်းကဲ့သို့သော အနေအထားများကြောင့် မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျှင် ကမ္ဘာပေါ် ဒုတိယအများဆုံး စိုက်ပျိုးထုတ်လုပ်သော နိုင်ငံဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အဓိကမြင့်တက်နေရသည့် အကြောင်းရင်းမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး တိုင်းရင်းသား ဒေသများ တွင် ပဋိပက္ခများ မြင့်တက်နေမှုနှင့်၊ မူးယစ်ဆေးဝါးဈေးကွက်ရှိနေမှု၊ ရာဇ၀တ်မှုများနှင့် အကျင့်ပျက်ခြစားမှု၊ ဆင်းရဲမွဲတေမှုတို့ကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။

“ဒေသတွင်း အစိုးရနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆင်းရဲမွဲတေမှု၊ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ တရုတ်နိုင်ငံရဲ့ ဘိန်းဖြူလိုအပ်ချက်ကို မလျှော့ချနိုင်ဘူးဆိုရင် ဒေသတွင်း ဘိန်းစိုက်ပျိုးမှု ကျဆင်းသွားစရာ အကြောင်းမရှိပါဘူး” ဟု အဆိုပါ စစ်တမ်းအား ဦးဆောင်ရေးသားသူ Tom Kramer က ပြောကြားခဲ့သည်။



Eleven Media Group