နိုင်ငံသားစိစစ်ရေးကတ် မပြနိုင်ပါက မောင်တောသို့ ဝင်ခွင့်မပြု

ပို့စ်တင်ချိန် - 6/03/2014 11:05:00 AM



မောင်တော၊ ဇွန် ၂

လတ်တလော တိုက်ပွဲများ ဖြစ်ပွားထားသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးရှိ မောင်တောမြို့သို့ နိုင်ငံသားစိစစ်ရေးကတ်ပြား မပါသူများကို ဝင်ခွင့်မပြုကြောင်း မောင်တော ဒေသခံများထံမှ သိရှိရသည်။

ဘူးသီးတောင်မြို့မှ မောင်တောမြို့သို့ သွားရာလမ်း ခြောက်မိုင်နှင့် သုံးမိုင်ဂိတ်တွင် ယင်းသို့ စစ်ဆေးနေခြင်း ဖြစ်ပြီး ယင်းအစီအစဉ်ကို ဇွန်လ ၂ ရက်နေ့တွင် စတင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း စစ်ဆေးရေးဂိတ်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားကာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

“ဒေသ အခြေအနေအရ အထက်က ညွှန်ကြားလို့ စစ်ဆေးတာပါလို့ ပြောတယ်။ မှတ်ပုံတင် မပါပေမယ့် ရခိုင်တွေကို ဒီနေ့တစ်ရက် ခြွင်းချက်ဆိုပြီး သွားခွင့်ပြုလိုက်တယ်။ နောက်နေ့ မရဘူးလို့ ပြောတယ်” ဟု ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက ကြုံတွေ့ခဲ့ရပုံကို မောင်တောဒေသခံ တစ်ဦးဖြစ်သူ ၎င်းက ရှင်းပြသည်။

ယင်းအစီအစဉ်ကို ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ အကောက်အခွန်၊ မူးယစ် အထူးနှိမ်နင်းရေး တပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း စစ်ဆေးရေး ဂိတ်များထံမှ သိရှိရသည်။

ဘင်္ဂါလီများကိုမူ အထောက်အထား တစ်စုံတစ်ရာ မပြနိုင်ပါက သွားလာခွင့် မပြုကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူများထံမှ သိရှိရသည်။

မောင်တောခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ရွှေသန်းကမူ ဘင်္ဂါလီများကို နယ်မြေ ဖြတ်ကျော်သွားလာပါက ယခင်ကပင် စစ်ဆေးလျက် ရှိပြီး တိုင်းရင်းသား လူမျိုးများကိုမူ စစ်ဆေးခြင်း မရှိကြောင်း ဖြေကြားသည်။

မြန်မာနယ်စပ် ခြံစည်းရိုးဘက် ပေ ၈၀ ခန့်အထိ လက်နက်ကိုင် ဝင်ရောက်မှုကြောင့် မြန်မာနယ်စပ် လုံခြုံရေးတပ်က ပစ်ခတ်၍ ကျဆုံးသွားသည့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) မှ တပ်ကြပ်တစ်ဦးကို ပြန်ပေးရန် တောင်းဆိုရာမှာ မေလ ၃၀ ရက်နေ့တွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး တင်းမာမှုများ မြင့်တက်ခဲ့သည်။

(ခင်မောင်အေး)

The Voice Weekly