မိုက်ခရိုဆော့ဖ်၏ အာရှဒေသဆိုင်ရာဥက္ကဋ္ဌ မြန်မာနိုင်ငံလာမည်

ပို့စ်တင်ချိန် - 6/03/2014 05:15:00 PM



Microsoft Corporation ၏ အာရှ ပစိဖိတ်ဒေသဆိုင်ရာ ဥက္ကဋ္ဌဖြစ်သူ Cesar Cernuda နှင့် တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ ဇွန် ၁၂ ရက်တွင် လာရောက်ရန် ရှိသည်ဟု Microsoft Knowledge Centricity (My anmar) pte Ltd မန်နေဂျာ ဦးလှိုင်ဖြိုးက ပြောသည်။

၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် အစိုးရ၀န်ကြီးဌာနအချို့နှင့် တွေ့ဆုံပြီး နည်းပညာကဏ္ဍတွင် အကူအညီပေးရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးသွားရန် ရှိသည်ဟုလည်း ၎င်းက ပြောသည်။

ဦးလှိုင်ဖြိုးက “အစိုးရ၀န်ကြီးဌာန တချို့ကို ပညာရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်တွေလည်း ဆွေးနွေးသွားဖို့ ရှိနေတယ်။ ပညာရေးနဲ့ နည်းပညာဆိုင်ရာ ကိစ္စရပ်တွေအပြင် ဘယ်လိုနေရာတွေမှာ အထောက်အပံ့ ပေးသွားမယ်ဆိုတာ သူတို့ တွေ့ဆုံဆွေးနွေးကြလိမ့်မယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန၊ ပညာရေးဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

ထို့ပြင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် တွေ့ဆုံသွားရန်ရှိနေသည်ဟုလည်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ တာဝန်ရှိသူများက ပြောသည်။

“မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က တာဝန်ရှိသူတွေနဲ့ ဇွန် ၁၃ ရက်မှာ ထပ်မံတွေ့ဆုံ ဆွေးနွေးသွားဖို့ ရှိနေတယ်။ ပြည်တွင်း နည်းပညာ ဖွံ့ဖြိုးရေးကိစ္စရပ်တွေ၊ နည်း ပညာလုံခြုံရေး ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးသွားကြဖို့ရှိတယ်” ဟု ပြောသည်။

Microsoft ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ဥက္ကဋ္ဌနှင့်အတူ အာရှပစိဖိတ်ဒေသဆိုင်ရာ Legal & Corporate Affairs ၏ ဒါရိုက်တာ Jeffrey G.Bullwinkel၊ အရှေ့ တောင်အာရှဆိုင်ရာ အထွေထွေ မန်နေဂျာ Jamie Harper၊ အာရှပစိဖိတ်အထွေထွေ မန်နေဂျာ Carlos Lopes တို့လည်း အဆိုပါ ခရီးစဉ်တွင် ပါဝင်လာမည် ဖြစ်သည်။

စ, ချိုကို| အင်္ဂါနေ့၊ ဇွန်လ ၃ ရက်၊ ၂၀၁၄ ခုနှစ်
Mizzima Burmese